တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အတွင်းမှာ လက်နက်ကြီးတွေကြောင့် ဒဏ်ရာရသူတွေ အပါအဝင် ဒေသခံ ၂၀ ကျော်ကို ကယ်ထုတ်ဖို့ ကားအခက်အခဲ ရှိနေတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေတဲ့ အမျိုးသားတဦးက ပြောပါတယ်။
“အခုက လက်နက်ကြီးပေါက်တော့ ဒဏ်ရာတွေရ၊ ဆေးလည်းကုဖို့ မရှိတော့ အကူအညီ တောင်းလာတာ။ ခေါင်းထိတဲ့လူ၊ ဗုံးစမှန်တဲ့သူနဲ့ ခြေထောက် ဒဏ်ရာရတဲ့သူတွေလည်း ပါတယ်။ ပေါင်ထိထားလို့ ကိုယ်တိုင် သွားလာလို့မရတဲ့သူလည်း ပါတယ်။”
နောက်ကျောမှာ ဗုံးဒဏ်ရာ အရမ်းပြင်းထန်တဲ့ အမျိုးသမီးတဦးနဲ့ မိသားစုဝင် ၃ ဦးကိုတော့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ဆိုင်ကယ်နဲ့ ကယ်ထုတ်ပြီး စဝ်စံထွန်းဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။
ကျန်ရှိနေသူတွေထဲမှာ ခေါင်းဒဏ်ရာရသူ ၁ ဦး၊ ခြေလက်ဒဏ်ရာရထားသူ ၄ ဦး၊ လေဖြတ်နေသူ ၁ ဦးနဲ့ ကိုယ်ဝန်ဆောင် ၁ ဦးအပြင် သက်ကြီးရွယ်အိုနဲ့ အသက် ၁၀ နှစ်အောက် ကလေးငယ် စုစုပေါင်း ပြည်သူ ၂၀ ကျော် ကျန်ရှိနေပါတယ်။
ဒဏ်ရာရသူနဲ့ လေဖြတ်ထားသူတွေမှာ ဆေးကုသဖို့ လိုအပ်တဲ့အတွက် ဦးစားပေးသယ်ဖို့ လိုအပ်နေပြီး ဒဏ်ရာပြင်းထန်သူ တချို့ကိုတော့ ဆိုင်ကယ်နဲ့ မြို့အပြင်ဘက်ကို အချိန်ယူ သယ်ထုတ်နေရပါတယ်။
ဆီဆိုင်မြို့ပေါ် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အချိန်မှာ ထွက်ပြေးဖို့ ကား၊ ဆိုင်ကယ်၊ အသိမရှိတဲ့သူတွေ၊ ငွေကြေးမတတ်နိုင်တဲ့သူတွေနဲ့ စစ်မရှောင်လိုတဲ့ သက်ကြီးပိုင်း အဘိုးအဘွားတွေက အဝေးကို ထွက်မပြေးဘဲ ဆီဆိုင်မြို့အနောက်ဘက် ကယန်း ပဒေါင်ကျေးရွာတွေနဲ့ တောတောင်တွေမှာ ပုန်းခိုရင်း ကျန်ခဲ့ကြတာ ဖြစ်ပါတယ်။