တောင်ကိုရီးယား အလုပ်သင်ဆရာဝန်တွေ စုပေါင်းသပိတ်မှောက်မှု မပြီးမချင်း ဖေဖော်ဝါရီ ၂၃ ရက်ကစပြီး ဆေးရုံနဲ့ ဆေးခန်းတွေ အားလုံးမှာ တယ်လီဆေးဝါးဝန်ဆောင်မှုတွေကို အပြည့်အဝ ခွင့်ပြုသွားမယ်လို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုးရီးယား ဒုတိယ ကျန်းမာရေးဝန်ကြီး ပတ်မင်ဆူးက “အစိုးရဟာ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ ကြာရှည်ပျက်ကွက်ခြင်းအတွက် ကြိုတင်ပြင်ဆင်ထားဖို့ နောက်ထပ် အရေးပေါ်ကုသမှု အစီအမံတွေ ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာ” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် ည ၁၀ နာရီအထိ အဓိကဆေးရုံကြီးတွေမှာ အလုပ်သင်ဆရာဝန် ၇၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်တဲ့ အလုပ်သင်ဆရာဝန်ပေါင်း ၈,၈၉၇ ယောက်က နုတ်ထွက်စာ တင်ခဲ့ကြပေမဲ့ အားလုံးကို လက်မခံပါဘူးလို့လည်း ဆိုပါတယ်။
အဓိကဆေးရုံတွေက အလုပ်သင်ဆရာဝန် ၇,၈၆၃ ယောက်ဖြစ်တဲ့ ၆၉ ဒသမ ၄ ရာခိုင်နှုန်းက သူတို့ရဲ့ လုပ်ငန်းခွင်ကနေ ထွက်သွားကြပြီလို့လည်း ကျန်းမာရေး ဒုဝန်ကြီးက ပြောပါတယ်။
အခုချိန်အထိ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ဆရာဝန် ၈,၄၀၀ ကျော်ရှိပြီး ဒါဟာ တောင်ကိုရီးယား တနိုင်ငံလုံးက ဒေသခံနဲ့ အလုပ်သင်ဆရာဝန် အရေအတွက် တခုလုံးရဲ့ ၆၄ ရာခိုင်နှုန်းလောက်နဲ့ ညီမျှတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒီနေ့အစောပိုင်းကတော့ အစိုးရက ကျန်းမာရေးသတိပေးချက်ကို အမြင့်ဆုံးအဆင့် တိုးမြှင့်လိုက်ကြောင်းနဲ့ အစိုးရဆေးရုံတွေဟာ ဆေးဘက်ဆိုင်ရာစနစ်မှာ တိုးပွားလာတဲ့ ရောဂါပိုးတွေကို တုံ့ပြန်ဖို့ အလုပ်ချိန်တွေကို တိုးမြှင့်မယ်လို့ ကြေညာခဲ့ပါတယ်။
အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အလုပ်သင်ဆရာဝန်တွေက အခုသီတင်းပတ်အတွင်း အလုပ်ထွက်ကုန်ကြကတည်းက တောင်ကိုရီးယားရဲ့ အကြီးဆုံး ဆေးရုံတွေရှိ အရေးပေါ်ဌာနတွေမှာ အခက်ကြုံနေခဲ့ရတာပါ။
ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်တွေကတော့ တကယ့်ပြဿနာဟာ သမားတော်အရေအတွက် မဟုတ်ဘဲ လစာနဲ့ လုပ်ငန်းခွင်အခြေအနေတွေသာ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
Source/Photo-Reuters