ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးအာဏာပိုင်တွေဟာ ပါလက်စတိုင်းနယ်မြေတလျှောက် ပိုလီယိုရောဂါ ကူးစက်ပျံ့နှံ့သွားကြောင်း ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး ဒါဟာ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် တကိုယ်ရေသန့်ရှင်းမှုနဲ့ ဆေးဘက်ဆိုင်ရာ စနစ်တွေ ပျက်စီးသွားရပြီး လူအသေအပျောက်များတဲ့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ဖြစ်ပေါ်စေတာလို့ အပြစ်တင်ခဲ့ပါတယ်။
ပါလက်စတိုင်းမှာ ပိုလီယိုရောဂါကို အမြစ်ပြတ် ချေမှုန်းပြီးနောက် နှစ်အတန်ကြာပြီးချိန်မှာ ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ခန်ယိုးနစ်စ်မြို့နဲ့ အလယ်ပိုင်း နယ်မြေတွေရှိ ရေဆိုးတွေမှာ ဗိုင်းရပ်စ်ပိုးကို ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ဂါဇာကမ်းမြောင်နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ နေထိုင်သူတွေအတွက် ကျန်းမာရေးကို ခြိမ်းခြောက်နေတာပါ။
ခန်ယိုးနစ်စ်မြို့နဲ့ ဂါဇာကမ်းမြောင်ရှိ တခြားနေရာတွေမှာ စုဆောင်းထားတဲ့ မိလ္လာနမူနာ ၆ ခုမှာ ပိုလီယိုဗိုင်းရပ်စ်ကို သုတေသီတွေက တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မကြာသေးခင်က အစီရင်ခံခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်ကြောင်းလည်း အေဂျင်စီက ပြောပါတယ်။
ပိုလီယိုရောဂါကို ကိုင်တွယ်ဖြေရှင်းဖို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အရေးပေါ်ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) နဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
ဒါပေမဲ့ ဂါဇာကမ်းမြောင်မှာ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးကို အဆုံးသတ်မယ့် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့နဲ့ လက်လှမ်းတမီ ရရှိရမယ့် ရေ၊ သန့်ရှင်းရေးပစ္စည်းတွေနဲ့ အညစ်အကြေး စွန့်ပစ်ဖို့ ပြတ်လပ်ချို့တဲ့နေမှုဆိုတဲ့ ဇာစ်မြစ်အကြောင်းရင်းတွေကို ဖြေရှင်းဖို့တွေက ပိုအရေးကြီးနေတယ်လို့လည်း ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ အစောပိုင်းမှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသဟာ ဆိုးရွားပြင်းထန်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပြီး လူတွေ အိုးအိမ်မဲ့ဖြစ်တာ၊ နေရေးထိုင်ရေး ယိုယွင်းလာကာ ကျန်းမာရေးစနစ်တွေ ဆိုးဆိုးရွားရွား ထိခိုက်လာတဲ့ ကူးစက်ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်လာစေခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒေသခံတွေ ရေသုံးစွဲနိုင်ဖို့ တားဆီးခံရတာ၊ ဒေသန္တရ ကျန်းမာရေး အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးခံရပြီး အမှိုက်တွေ အမြောက်အမြား စုပုံလာစေခြင်းတို့ကြောင့် အစ္စရေးစစ်တပ်ရဲ့ ထိုးစစ်ကို ရှုတ်ချခဲ့ပါတယ်။
Source-Reuters