ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ လာရောက်တာဝန်မထမ်းဆောင်တဲ့ ဝန်ထမ်းတွေကို အရေးယူမယ်လို့ နေပြည်တော်မှာ ရှောင်တိမ်းနေတဲ့ စစ်ကောင်စီရဲ့ ရခိုင်အစိုးရအဖွဲ့က စာထုတ်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ စစ်တပ် ထိန်းချုပ်ရာနယ်မြေတွေက ဌာနဆိုင်ရာရုံးတွေမှာ လာရောက် တာဝန်မထမ်းဆောင်တဲ့ ဝန်ထမ်းတွေကို အရေးယူမယ်လို့ ဇူလိုင် ၂၅ ရက်မှာ ပြည်နယ်အစိုးရအဖွဲ့ရုံးက စာထုတ်ခဲ့တာဖြစ်ပါတယ်။
ပြည်နယ်အစိုးရရုံးဝန်ထမ်းတယောက်က “ရခိုင်မှာ ဘယ်နေရာ အေးချမ်းလို့ ဘယ်မှာ ရုံးထိုင်ရမှာလဲ။ ဝန်ကြီးချုပ်ကအစ တခုခုဖြစ်ရင် နေပြည်တော်ကို အရင်ပြေးတာ။ အခုတောင် အဲစာကို နေပြည်တော်ကနေ ထုတ်တာဖြစ်မယ်။ အရေးယူချင်ယူ မယူချင်နေ၊ ကိုယ့်အသက်တော့ အသေမခံနိုင်ဘူး” လို့ ပြောပါတယ်။
အဲဒီ ညွှန်ကြားစာကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့တို့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဇူလိုင် ၂၆ ရက်မှာ ဝန်ထမ်းတွေဆီကို ပေးပို့ခဲ့တာလို့ သူက ရှင်းပြပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့လုံခြုံရေးကို မကာကွယ်ပေးနိုင်ဘဲ ဝန်ကြီးချုပ် ဦးထိန်လင်းနဲ့အဖွဲ့က ဇူလိုင် ၁၅ ရက်က အခွန်ကောက်ခံဖို့ ဖိအားပေးတာကြောင့် ရှောင်နေကြတာလည်း ဖြစ်တယ်လို့ အကောက်ခွန်ဝန်ထမ်းတယောက်က ပြောပါတယ်။
“စစ်တွေမှာ တိုက်ပွဲတွေ ဖြစ်တယ်။ ဝန်ကြီးချုပ်ရော နယ်လုံဝန်ကြီးရော လေယာဉ်နဲ့ နေပြည်တော် ပြေးတယ်။ ဝန်ထမ်းတွ သေချင်သေဆိုတဲ့သဘော။ စစ်တပ်က မထိန်းနိုင်တဲ့ မြို့တွေကအစ အခွန်ကောက်ဖို့ ဖိအားပေးတယ်။ ဒါကြောင့် ရုံးမတက်ကြတာ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော် AA က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ သံတွဲမြို့တို့ကို တိုက်ခိုက် သိမ်းပိုက်ရရှိထားပါတယ်။