Home
မြန်မာသတင်း
ထီးလင်းမြို့နယ်က သံဃာတော်များ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်
DVB
·
July 26, 2024

မကွေးတိုင်း၊ ​ထီးလင်းမြို့နယ်က ရဟန်းသံဃာတော်တွေဟာ ဒီကနေ့ ဇူလိုင် ၂၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်လိုက်ကြတယ်လို့ သိရပါတယ်။

ကံဆောင်ပွဲမှာ ပါဝင်ခဲ့တဲ့ ထီးလင်းမြို့နယ်က ရဟန်းတပါးက “အာဏာသိမ်း အကြမ်းဖက်စစ်တပ်​ဟာ တနိုင်ငံလုံးက ရဟန်းတော်တွေနဲ့ ပြည်သူတွေအပေါ်ကို အဓမ္မပြုကျင့်လာတဲ့ အပေါ်မှာ ဦးပဥ္စင်းတို့အနေနဲ့ ဒီအတိုင်းကြည့်နေရင် အဓမ္မကိုအားပေးတဲ့ သံဃအဖွဲ့အစည်း ဖြစ်ပွားမှာပေါ့။ ဒါ့ကြောင့် ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး ဓမ္မနဲ့ ပြန်တိုက်ကြတာပါ” လို့ မိန့်ကြားပါတယ်။

ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ပွဲမှာ ရဟန်းသံဃာတော်တွေက စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်နဲ့ ဆက်နွှယ်သူတွေကို အဆက်အဆံမပြုလုပ်ကြဖို့၊ အလှူမခံဖို့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သံဃသမဂ္ဂ (မန္တလေး) အဖွဲ့ဝင် ဆရာတော်တပါးက “ပြည်သူတွေ အေးချမ်းစေဖို့ ဘုရားသားတော် ရဟန်းသံဃာတော်တွေ အားလုံး ညီညွတ်ကြရမယ့် အချိန်ပါ။ ဆရာ၊ ဒကာ လက်တွဲညီညီနဲ့ ကျရာနေရာကနေ ကျရာတာဝန်တွေကို အသီးသီး ထမ်းဆောင်ကြရင်ဖြင့် နွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အဆုံးသတ်နိုင်တော့မှာပဲ ဖြစ်ပါတယ်” လို့ မိန့်ကြားပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီးပျံ တော်မူသွားပြီးတဲ့နောက် ဇွန် ၂၃ ရက်က ချောင်းဦးမြို့နယ်က သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်မှု စတင်ခဲ့တာပါ။

ဒီနောက် ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မြိုင်၊ မုံရွာ၊ ပခုက္ကူ၊ ဝက်လက်၊ ဘုတလင်၊ အရာတော်၊ မြင်းမူ၊ ထားဝယ်၊ ပေါက်၊ ရေဦး၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ကနီ၊ သရက်ချောင်း၊ မန္တလေး၊ မြောင်နဲ့ ထီးလင်းမြို့နယ်တွေက ရဟန်းသံဃာတော်တွေဟာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ခဲ့ကြတာ မြို့နယ်ပေါင်း ၂၃ မြို့နယ်အထိ ရှိလာပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013