Home
နိုင်ငံတကာ
ရာထူးထက် တိုင်းပြည်ကို ပိုချစ်သဖြင့် နောက်ဆုတ်ပေးခဲ့ဟု သမ္မတ ဘိုင်ဒင် ပြော
DVB
·
July 25, 2024
Photo-Reuters

သမ္မတရာထူးကို မြတ်နိုးပေမဲ့ ရာထူးထက် တိုင်းပြည်ကိုပိုချစ်လို့ ရွေးကောက်ပွဲ ထပ်မပြိုင်တော့ဘဲ နောက်ဆုတ်ပေးခဲ့တာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က  ဇူလိုင် ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန် ဒီမိုကရေစီအနာဂတ်အတွက် ပူပန်လို့ ဒေါ်နယ်ထရမ့်ပ်နဲ့ မပြိုင်တော့ဘဲ နောက်မျိုးဆက်သစ်ကို လက်ဆင့်ကမ်းခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲထပ်ပြိုင်မယ့် အစီအစဉ်ကို စွန့်လွှတ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မိန့်ခွန်းကို ဘဲဥပုံရုံးခန်းကနေ ပြောကြားခဲ့ပါတယ်။

အစိုးရနဲ့ လွှတ်တော်တာဝန်တွေမှာ ရာစုနှစ်ဝက်ကြာ ထမ်းဆောင်ခဲ့တဲ့ ဘိုင်ဒင်က သောမတ်စ်ဂျက်ဖာဆင်၊ ဂျော့ချ်ဝါရှင်တန်၊ အေဘရာဟင်လင်ကွန်း တို့လို အရင်သမ္မတကြီးတွေ တာဝန်ယူခဲ့တဲ့ ဒီရာထူးကို သူ ဘယ်လောက် မြတ်နိုး တန်ဖိုးထားတယ် ဆိုတာပါ ထည့်ပြောသွားခဲ့ပါတယ်။

အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘိုင်ဒင်ဟာ ထရမ့်ပ်နဲ့ စကားစစ်ထိုးပွဲမှာ အရေးမလှ ဖြစ်ခဲ့ပြီးနောက် ထပ်မပြိုင်တော့ဖို့ ဒီမိုကရက်တစ်ပါတီအတွင်း ဖိအားပေးခံခဲ့ရပါတယ်။

အစောပိုင်းမှာ ဘုရားသခင်ကိုယ်တိုင် လာတိုက်တွန်းမှ နောက်ဆုတ်မယ်လို့ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ စိတ်ပြောင်းသွားခဲ့တာပါ။

ရှေ့ဆက်ဖို့က မီးရှူးတိုင်ကို နောက်မျိုးဆက်သစ်ကို လက်ဆင့်ကမ်းလိုက်တာ အကောင်းဆုံးလို့ သူဆုံးဖြတ်ခဲ့ကြောင်းနဲ့ ဒါကသာ တိုင်းပြည်ညီညွတ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်းပါ ဘိုင်ဒင်က ပြောသွားပါတယ်။

သူ့နေရာ အစားဝင်ပြိုင်မယ့် ဒုတိယသမ္မတ ကမ်မလာ ဟားရစ်ကိုလည်း ချီးကျူးသွားခဲ့ပြီး မာကျောတဲ့သူ၊ စွမ်းဆောင်ရည်ရှိတဲ့သူလို့ မှတ်ချက်ပေးခဲ့ပါတယ်။

၁၁ မိနစ်ကြာ မိန့်ခွန်းမှာ ဒေါ်နယ်ထရမ့်ပ်သာ သမ္မတထပ်ဖြစ်ရင် ကြုံရမယ့် အန္တရာယ်တွေကို သတိပေးသွားခဲ့ပြီး ထရမ့်ပ် နာမည်တော့ တိုက်ရိုက်မရည်ညွှန်းခဲ့ပါဘူး။

အမေရိကကို ဘုရင်တွေ၊ အာဏာရှင်တွေက မအုပ်စိုးခဲ့ဘဲ ပြည်သူတွေကသာ အုပ်ချုပ်ခဲ့တာ ဖြစ်ကြောင်း၊ သမိုင်းက ပြည်သူတွေလက်ထဲမှာသာ ရှိကြောင်း၊ အာဏာဟာ ပြည်သူ့လက်ထဲမှာသာ ရှိကြောင်း ဘိုင်ဒင်က  ပြောကြားခဲ့ပြီး ဒီမိုကရေစီကို ကယ်တင်ဖို့ရာမှာ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်တွေကို ရှေ့တန်းတင်လို့ မရဘူးလို့ပါ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013