ယူဂန်ဒါနိုင်ငံမှာ အုပ်ချုပ်သူတွေက အကျင့်ပျက် ခြစားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အထိန်းအကွပ်မဲ့ ကျူးလွန်နေတာပေါ် လူငယ်တွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
မြို့တော် ကမ်ပါလာရဲ့ မြို့လယ်ကောင်မှာ တားမြစ်ထားတဲ့ လူထုစုဝေးပွဲတွေမှာ ပါဝင်ကြတဲ့ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ လူငယ်အများအပြားကို ယူဂန်ဒါ ရဲတပ်ဖွဲ့ဟာ ဇူလိုင် ၂၃ ရက်က အင်အားသုံး ဖမ်းဆီးခဲ့ပါတယ်။
ရာဇ၀တ်မှု ကျူးလွန်လိုစိတ်ရှိတဲ့ လူငယ်တွေဟာ လုယက်ဖျက်ဆီးချင်ကြလို့ ဆန္ဒပြပွဲမှာ ဝင်ပါနေကြတာလို့ စွပ်စွဲထားတဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို ကိုင်စွဲပြီးတော့ အာဏာပိုင်တွေဟာ ဆန္ဒပြပွဲကို တားမြစ်ခဲ့ပါတယ်။
ဆန္ဒပြသူ တဦးဖြစ်တဲ့ နာကာယီဇာ ဆာဖှီနာက “ဒီနေ့ ဒီဆန္ဒပြပွဲဟာ အစိုးရမှာ ပျံ့နှံ့နေတဲ့ အဂတိလိုက်စားမှု ပြဿနာကို ဖြေရှင်းဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်။ အဲဒါကြောင့် လူငယ်တွေက လွှတ်တော်ကို ချီတက်ပြီး အဂတိလိုက်စားမှုအပေါ် မကျေနပ်မှုတွေကို ပြသဖို့ စုဝေးခဲ့ကြတာပါ”လို့ ပြောပါတယ်။
ကင်ညာနဲ့ ယူဂန်ဒါ ၂ နိုင်ငံလုံးမှာ လူငယ်တွေဟာ အလားတူ ပြဿနာတွေကို ကြုံနေကြရတာ ကြောင့် ညီညွတ်တဲ့ လှုံ့ဆော်မှုတွေ ရှိနေပါတယ်။
အာဏာပိုင်တွေက ဆန္ဒပြမှုကို တားမြစ်ခဲ့ပြီးတော့ မြို့လယ်ခေါင်မှာ လက်နက်ကိရိယာတွေ တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့နဲ့ စစ်သားတွေကို လုံခြုံရေးချ တပ်စွဲထားကာ နောက်ထပ်ဆန္ဒပြမှုတွေကို ဟန့်တားဖို့ စစ်ဆေးရေး ဂိတ်တွေ ဖွင့်လှစ် လှည့်ကင်းတွေ ချထားခဲ့ပါတယ်။
ရိုက်တာသတင်းဌာနရဲ့ ဗီဒီယိုဖိုင်ထဲမှာ ရဲတွေဟာ အော်ဟစ်နေတဲ့ ဆန္ဒပြသူတွေကို ထရပ်ကားတွေ အနောက်ကို ဆွဲတင်ခဲ့ပြီး ဖမ်းဆီးခံရသူတွေကို သူတို့ရဲ့လက်တွေကို အနောက်ကို တွန်းထုတ်ပြီးတော့ အမြန်မောင်းနှင်သွားခဲ့တာ မြင်တွေ့ရပါတယ်။
ဇူလိုင် ၂၂ ရက်က ရဲတပ်ဖွဲ့ဟာ ယူဂန်ဒါနိုင်ငံရဲ့ အကြီးမားဆုံး အတိုက်အခံပါတီရဲ့ ရုံးခန်းတွေကို ပိတ်ပစ်ခဲ့ပြီး ဆန္ဒပြဖို့ စည်းရုံးတယ်လို့ စွပ်စွဲကာ လွှတ်တော်အမတ်တွေ အပါအဝင် ပါတီအရာရှိ တချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
အတိုက်အခံပါတီကတော့ ချီတက်ပွဲကို စီစဉ်ခြင်း မပြုကြောင်း ငြင်းဆိုခဲ့ပေမယ့် ဆန္ဒပြပွဲတွေကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
ယူဂန်ဒါမှာ အစိုးရဘဏ္ဍာငွေတွေကို ခိုးယူမှုနဲ့ အလွဲသုံးစားလုပ်မှုတွေ ပျံ့နှံ့နေတယ်လို့ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
သမ္မတ ယိုဝယ်ရီ မူဆက်ဗယ်နီဟာ သူ့ကို နိုင်ငံရေးအရ သစ္စာစောင့်သိသူတွေနဲ့ သူနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ အကျင့်ပျက်ခြစား အကြီးတန်းအရာရှိတွေကို တရားစွဲဖို့ ပျက်ကွက်နေတယ်လို့ စွပ်စွဲထားတာ ကြာနေပါပြီ။
သမ္မတ ယိုဝယ်ရီ မူဆက်ဗယ်နီရဲ့ အစိုးရကတော့ ကျယ်ကျယ်ပြန့်ပြန့် အကျင့်ပျက်ခြစားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
Source-Reuters