ဟွန်ဒူးရပ်စ်သမ္မတ ရှိုမားရား ကက်စ်ထရိုဟာ အိမ်နီးချင်း အယ်လ်ဆာဗေးဒေါနိုင်ငံရဲ့ ခြေရာနင်းပြီး ဗဟိုအမေရိကနိုင်ငံကို ကာလရှည်ကြာ အနှောက်အယှက် ဖြစ်စေခဲ့တဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုတွေနဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သူ့ရဲ့"သံလက်သီး" ဗျူဟာကို ထုတ်ဖော်ပြသခဲ့ပါတယ်။
အမျိုးသမီးသမ္မတ ကက်စ်ထရိုဟာ ဂိုဏ်းဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး အကျဉ်းသား ၂၀၀၀၀ ကျော်အတွက် အကျဉ်းထောင်အသစ်ကို ဆောက်လုပ်ခဲ့ပါတယ်။
အငှားလူသတ်မှု၊ မူးယစ်ဆေးဝါးနဲ့လက်နက် မှောင်ခိုရောင်းဝယ်မှု၊ လူသတ်မှု၊ ငွေညှစ်မှု၊ ပြန်ပေးဆွဲမှုနဲ့ ငွေကြေးခဝါချမှုတွေလို ရာဇ၀တ်မှုတွေကြောင့် နာမည်ကြီးတဲ့ ရပ်ကွက်တွေဆီ လုံခြုံရေးတပ်ဖွဲ့တွေကို စေလွှတ်ခဲ့ပါတယ်။
အချိန် ၁ လကျော်အတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ရာနဲ့ချီတဲ့ သေနတ်တွေကို သိမ်းဆည်းရမိပြီး ဂိုဏ်းသားတွေ အဖမ်းခံရခြင်းလို အောင်ပွဲတွေ ရခဲ့ပါတယ်။
ဒါပေမယ့် အရင်အစိုးရတွေတုန်းကလည်း မာနိုဒူရာ ခေါ် "သံလက်သီး" နည်းဗျူဟာတွေနဲ့ ကျရှုံးမှုတွေကို မြင်တွေ့ဖူးထားတဲ့ ဒေသခံတွေကတော့ အောင်ပွဲမခံရဲကြသေးပါဘူး။
သမ္မတ ကက်စ်ထရိုဟာ ဂိုဏ်းတွေကို ပစ်မှတ်ထား နှိမ်နင်းဖို့ အိမ်နီးချင်း အယ်လ်ဆာဗေးဒေါ နိုင်ငံမှာ သမ္မတ နာယစ်ဘူကီလီရဲ့ နည်းဗျူဟာတွေအတိုင်း လိုက်လံဆောင်ရွက်တဲ့အနေနဲ့ သူ့နိုင်ငံမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အစိတ်အပိုင်းတွေကို ဆိုင်းငံ့ထားပြီးတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါတယ်။
အယ်လ်ဆာဗေးဒေါမှာ အကျဉ်းထောင်ကြီးကို တည်ဆောက်ပြီး အရွယ်ရောက်သူ လူဦးရေရဲ့ ၂ ရာခိုင်နှုန်းနဲ့ အရွယ်မရောက်သေးသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထားတဲ့ သမ္မတ နာယစ်ဘူကီလီရဲ့ မူဝါဒတွေကိုတော့ လူ့အခွင့်အရေးအုပ်စုတွေက ဝေဖန်ကန့်ကွက်ထားပါတယ်။
ဒါပေမယ့်လည်း ရာဇ၀တ်မှုနှုန်းတွေ ကျဆင်းသွားပြီး ဘဝနေထိုင်မှုပုံစံတွေ ပြောင်းလဲလာခဲ့တဲ့ အယ်လ်ဆာဗေးဒေါနိုင်ငံလို ရလဒ်တွေကို ဟွန်ဒူးရပ်စ်အစိုးရအနေနဲ့ ရနိုင်ပါ့မလားဆိုပြီး စောင့်ကြည့်နေကြပါတယ်။
Source: Reuters