အီဖဲလ်မျှော်စင် အစိတ်အပိုင်းတွေ ထည့်သွင်းပြုလုပ်ထားတဲ့ ပါရီအိုလံပစ်ပြိုင်ပွဲမှာ ချီးမြင့်မယ့် ဆုတံဆိပ်တွေကို ပြင်သစ်တာဝန်ရှိသူတွေက ထုတ်ဖော်ပြသခဲ့ပါတယ်။
ပါရီ ၂၀၂၄ စာတမ်း၊ မီးရှူးတိုင်ပါ ခြောက်မြှောင့်ပုံစံ ဆုတံဆိပ်ဟာ အီဖဲလ်မျှော်စင်ကနေရတဲ့ သံအပိုင်းအစတွေနဲ့ ပြုလုပ်ထားတာပါ။
အိုလံပစ်ပြိုင်ပွဲမှာ ချီးမြှင့်မယ့် ဆုတံဆိပ်တွေမှာ အီဖဲလ်မျှော်စင်က သံအပိုင်းအစတွေ ထည့်သွင်းပြုလုပ်ဖို့နဲ့ ပတ်သက်ပြီး အတွေးရခဲ့ပုံကို သီယာရီရီဘူလ်က အခုလို ပြောပါတယ်။
“အိုလံပစ်ပြိုင်ပွဲမှာ ရွှေ၊ ငွေ၊ ကြေးစတဲ့ ဆုတံဆိပ်တွေ ရှိပြီး ပါရာလမ်းပစ် (မသန်စွမ်းအိုလံပစ်) ပြိုင်ပွဲအတွက်လည်း ဆုတံဆိပ်တွေ မတူအောင် ကျနော်တို့ ပြုလုပ်ရမှာပါ။ ဆုကို အိမ်ပြန်ယူသွားတဲ့အခါမှာ မတူညီတဲ့ အရာ ၂ ခုယူသွားနိုင်ဖို့ ကျနော်တို့ ဆန္ဒရှိပါတယ်။ ဆုတံဆိပ်ပြုလုပ်တဲ့ နေရာမှာ တန်ဖိုးတခုထပ် ပေါင်းချင်တဲ့ စိတ်ရှိပြီး ပြင်သစ်နဲ့ဆိုင်တဲ့ တန်ဖိုးတခု ထပ်ပေါင်းဖို့ ကျနော်တို့ ကြိုးစားခဲ့ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရသူတွေဟာ ရွှေတံဆိပ်နဲ့ အီဖယ်မျှော်စင်ကို အိမ်ပြန်ရင် ယူသွားနိုင်မှာပါ။ ဒါက ကျနော်တို့ အကောင်းဆုံး ဖန်တီးထားတာပါ။”
ရီဘူလ်က အီဖဲလ်မျှော်စင်ပုံစံတူတွေကို မြင်တွေ့နေရတာ ရိုးနေပြီဖြစ်လို့ ပြိုင်ပွဲမှာ အနိုင်ရသူတွေအတွက် ပိုပြီး ကျေနပ်မှုကို ဖြစ်စေဖို့ အီဖဲလ်တာဝါအစိတ်အပိုင်းတွေကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
၁၈ ဂရမ်ရှိတဲ့ ၆ မြှောင့်တံဆိပ်ဟာ ပြင်သစ်နိုင်ငံကို ကိုယ်စားပြုပြီး ဒီ ဒီဇိုင်းကို ရတနာပြုလုပ်သူ ချာမတ်က ရေးဆွဲပေးတာဖြစ်ပါတယ်။
၆ မြှောင့်တံဆိပ်ပြုလုပ်ခဲ့တဲ့ သံအစိတ်အပိုင်းကတော့ အီဖဲလ်တာဝါကို ပြင်ဆင်မွန်းမံခြင်းကနေ ရတဲ့ သံတွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အီဖဲလ်တာဝါဟာ ပြင်သစ်နိုင်ငံနဲ့ ပါရီမြို့ရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့လည်း သီယာရီ ရီဘူလ်က ပြောပါတယ်။
“ဆုတံဆိပ်တွေမှာ အရွယ်အစား၊ ပုံစံနဲ့ အလေးချိန်တွေက သတ်မှတ်ထားတဲ့ စံအတိုင်းရှိပါတယ်။ ကျနော်တို့က ဒီဆုတံဆိပ်တွေကို ဘယ်လိုကွဲပြားမှုပုံစံတွေနဲ့ ဖန်တီးမလဲဆိုတာ စိတ်ဝင်စားခဲ့ပါ။ အားကစားရဲ့ သင်္ကေတ၊ အိုလံပစ်ရဲ့ သင်္ကေတ၊ ပါရာလမ်းပစ်ရဲ့ သင်္ကေတတို့ကို စဉ်းစားရင်း ကျနော်တို့ နိုင်ငံနဲ့ ပါရီရဲ့ သင်္ကေတကို ထည့်သွင်းဖို့ စိတ်ကူးရခဲ့တာပါ။ ပါရီနဲ့ ပြင်သစ်တို့ရဲ့ သင်္ကေတကတော့ အီဖဲလ်တာဝါပဲဖြစ်ပါတယ်။”
ရွှေ၊ ငွေ၊ ကြေးစတဲ့ ဆုတွေမှာ ၆ မြှောင့်တံဆိပ်တုံးက ရောင်ခြည်တွေဖြာထွက်နေတဲ့ ပုံစံ ဖန်တီးပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဆုတံဆိပ်ရဲ့နောက်ကျော်မှာ ဂရိအောင်မြင်မှု နတ်ဘုရားပုံပါဝင်ပြီး ရှေးဂရိမြို့တော်ရဲ့ အစိတ်အပိုင်းနဲ့ အီဖဲလ်မျှော်စင်တို့ရဲ့ပုံကို ထည့်သွင်းထားပါတယ်။
ပါရာလမ်းပစ် ဆုတံဆိပ်မှာတော့ အီဖဲလ်မျှော်စင်ကို အောက်ခြေကနေ မြင်ရတဲ့ ပုံစံဖန်တီးမှု ပြုလုပ်ထားပြီး ပါရီ ၂၀၂၄ ကို မျက်မမြင်စာအနေနဲ့ပါ ရိုက်နှိပ်ထားပါတယ်။
ဇူလိုင် ၂၆ ရက်ကနေ ဩဂုတ် ၁၁ ရက်အထိ ကျင်းပသွားမှာဖြစ်တဲ့ အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်ပေါင်း ၅၀၈၄ ဆုကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
Photo-Reuters