ရှမ်းသီချင်း၊ မြန်မာသီချင်းတွေနဲ့ လူသိများကျော်ကြားတဲ့ ရှမ်းတိုင်းရင်းသား ဝါရင့်အဆိုတော် စိုင်းဆိုင်မောဝ် ( အသက် ၇၇ နှစ် ) ဟာ ဇူလိုင် ၁၇ ရက် ည ၇ နာရီ ၁၅ မိနစ်က ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ 'ကောင်း' ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။
စိုင်းဆိုင်မောဝ်ရဲ့ ဇနီးဖြစ်သူ ခေးလားမိုးက “ကိုယ်လည်းတနေ့သွားရမည်။ ဘယ် နည်းဘယ်ပုံသွားရမည်မသိသောဒီလမ်း ကျမတို့သားအမိကိုထားရစ်၍ သူခွဲခွာသွားလေပြီ။ တေးရေးတေးဆိုအနုပညာရှင်ကြီး ဦးစိုင်းဆိုင်မောဝ် ကွယ်လွန်သွားပါပြီ”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
စိုင်းဆိုင်မောဝ်ရဲ့ သမီးအကြီး နန်းခမ်းမိုင်က “ဖေဖေက မကျန်းမာတာကြာပါပြီ။ လမ်းကောင်းကောင်းမလျှောက်နိုင်လို့ ဘီးတပ်ကုလားထိုင်နဲ့ပဲ သွားနေရတယ်။ ပြီးခဲ့တဲ့ အပတ်က အဆုတ်ထဲပိုးဝင်လို့ ဆေးရုံတင်ရတယ်။ နည်းနည်းသက်သာလို့ ဆေးရုံကဆင်းပြီး အိမ်မှာ ၂ ရက်ပဲနေရသေးတယ်၊ မနေ့က ရောဂါဖောက်လာလို့ ဆေးရုံပြန်ခေါ်သွားတယ်။ ဒီတခေါက်တော့ မရတော့ပါဘူး ၊ ည ၇ နာရီ ၁၅ မိနစ်မှာ ဆုံးသွားပါပြီရှင့်” လို့ DVB ကို ပြောပါတယ်။
စိုင်းဆိုင်မောဝ်ရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်၊ ရွှေပြည်သာမြို့နယ်ရှိ နေအိမ်မှာထားရှိပြီး ဇူလိုင် ၁၉ ရက် မွန်းလွဲ ၃ နာရီမှာ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ဖို့ စီစဉ်ထားတယ်လို့ မိသားစုက ပြောပါတယ်။
စိုင်းဆိုင်မောဝ်ဟာ သားသမီးတွေကိုလည်း သူ့လို အနုပညာရှင်ဖြစ်စေလိုတယ်လို့ သမီးဖြစ်သူ နန်းခမ်းမိုင်က ပြောပါတယ်။
“ငယ်စဉ်ကတည်းက သီချင်းဆိုတတ်အောင်လေ့ကျင့်သင်ကြားပေးတယ်။ ကျမ အသက် ၇ နှစ် ၈ နှစ်ရွယ်က ဖေဖေနဲ့အတူ စတိတ်ရှိုးတွေမှာ သီချင်းလိုက်ဆိုရတာ သိပ်ပျော်စရာကောင်းတဲ့ အမှတ်တရအချိန်တွေပါပဲ။ အခုလည်း အငယ်ဆုံးသားလေး စိုင်းဟိန်းဆိုင်မောဝ်တောင် သီချင်းဆိုနေပြီ၊ MV ထွက်နေပြီ” လို့ ပြောပါတယ်။
စိုင်းဆိုင်မောဝ်ဟာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ဇာတိဖြစ်ပြီး မိဘတွေကတော့ ဦးစိုင်းဘခိုင်နဲ့ ဒေါ်နန်းအေးစိန်တို့ ဖြစ်ကြပါတယ်၊ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဖွားမြင်ပြီး ငယ်နာမည်မှာ စိုင်းညွန့်မောင်ဖြစ်ပါတယ်။
တောင်ကြီးမြို့ အမှတ် ၄ အထက်တန်းကျောင်းမှာ ၁၀ တန်းထိတက်ရောက်ပညာသင်ကြားခဲ့ပြီး အနုပညာကို ငယ်စဉ်ကတည်းက ခုံမင်နှစ်သက်ခဲ့သူပီပီ ကျောင်းဆက်မတက်ဘဲ အနုပညာ အလုပ်ကိုလုပ်ခဲ့ပါတယ်၊
ဆယ်ကျော်သက်ရွယ်က ရပ်ရွာမှာပွဲရှိရင် စတိတ်စင်ပေါ်မှာ သီချင်းတွေလိုက်ဆိုပြီး ၁၉၇၁ ခုနှစ်မှာတော့ ပထမခြေလှမ်းအဖြစ် ထိုင်းနိုင်ငံ ချင်းရိုင်းအသံလွှင့်ရုံ ရှမ်းဘာသာအစီအစဉ်မှာ စိုင်းဆုမ်ယုဒ်အမည်နဲ့ သီချင်းစ ဆိုခဲ့ပါတယ်။
၁၉၇၃ ခုနှစ်မှာ ရန်ကုန်မြို့ မြန်မာ့အသံ ရှမ်းတိုင်းရင်းသားအစီးအစဉ်မှာ စိုင်းဆိုင်မောဝ် ဆိုတဲ့အမည်နဲ့ သီချင်းသီဆိုထုတ်လွှင့်ခဲ့ပါတယ်။
ဆိုင်မောဝ် ဆိုတဲ့အမည်က သူ့မွေးဇာတိ ရွှေလီလွင်ပြင် (ရှမ်းဘာသာ နမ့်မောဝ်)ကို အစွဲပြုပြီး မှည့်ထားတာလို့ ရှမ်းစာရေးဆရာ ဟဲန်းဆေခိုင်က အင်တာဗျူးမှာ ဖြေထားပါတယ်။
၁၉၇၆ ခုနှစ်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ နယူးဘရားသားစတူဒီယိုကနေ သီချင်းခွေ ၃ ခွေ စထုတ်ခဲ့တယ်။ ၁၉၇၇ မှာ “ချစ်သောနန်းနဲ့ ရှမ်းမောမြေ” အမည်ရှိ မြန်မာတေးစီးရီးကို ပထမဆုံးအကြိမ် သီဆိုဖြန့်ချိခဲ့ပါတယ်။
ပထမဆုံးခွေမှာပဲ မြန်မာပရိသတ်တွေနဲ့ ရှမ်းပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့ပြီး ရှမ်းသီချင်း စီးရီးပေါင်း ၄၀ ကျော်၊ မြန်မာသီချင်း စီးရီးပေါင်း ၃၀ ကျော် ထွက်ရှိခဲ့ပါတယ်။
သူ သီဆိုတဲ့သီချင်းတွေကို အစ်ကိုဖြစ်သူ စိုင်းလောဝ်ဆိုင်က အများဆုံး ရေးစပ်သီကုံးပေးပြီး တေးရေးဆရာ စိုင်းခမ်းလိတ် ရေးသားတဲ့သီချင်းတွေလည်း ဆိုခဲ့တယ်သလို သူကိုယ်တိုင်လည်း ရေးသားခဲ့ပါတယ်။
ရှမ်းသီချင်းပုဒ်ရေ ၂၀၀ ကျော်နဲ့ မြန်မာသီချင်းပုဒ်ရေ ၁၀၀ ကျော် ရေးဖွဲ့သီဆိုခဲ့တာမှာ။ ချစ်ဇနီးအတွက်တေး၊ ချစ်သောနန်းနဲ့ ရှမ်းမောမြေ၊ ချယ်ရီတွေငိုနေပြီ၊ တောင်ပြာတန်းက အသိဆုံး၊ တရွာသားနဲ့ပုဝါပါး၊ ရှမ်းပဲပုပ်လေးကျနော်၊ မောင့်မလွမ်းပို၊ စိုင်းချစ်တဲ့ရတနာ၊ ငွေတောင်တန်းဆီပြန်လာပါ၊ ရွှေဟင်္သာပြန်မှာစိုး၊ အချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခု၊ ဖြတ်သာသွားမယ်မနားတယ်၊ မူဆယ်နမ့်ခမ်းလမ်း၊ ချစ်စရာနမ့်ဆန်အလှ၊ ဇရာအိုရဲ့လွမ်းတေး စတဲ့သီချင်းတွေဟာ ကျော်ကြားရေပန်းစားခဲ့ပါတယ်။
သူ့ရဲ့သီချင်းတွေဟာ နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပေမဲ့ ရိုးအီဟောင်းနွမ်းသွားခြင်းမရှိဘဲ ဒီကနေ့မျိုးဆက်သစ်အဆိုရှင်တွေဖြစ်တဲ့ The Sai / ခွန်စိုးလေး နဲ့ တခြား ရှမ်း/မြန်မာ အနုပညာပညာရှင်တွေပါ ပြန်လည်သီဆိုနေကြပါတယ်။
ထူးချွန်တဲ့ရှမ်းအနုပညာရှင်ကို ရှမ်းပြည်နယ်လုံးဆိုင်ရာ ရှမ်းပိဋကတ်ဘာသာပြန်အဖွဲ့ကနေ ၂၀၀၈ ခုနှစ် မေလမှာကျင်းပတဲ့ ပင်လုံမြို့ နှစ် ၅၀ ရွှေရတုပရိယ တ္တိသဒ္ဓမပါလစာပြန်ပွဲတော်ကြီးမှာ “ ရှမ်းအနုပညာရှင်ထူးချွန်ဆု” ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
စိုင်းဆိုင်မောဝ်မှာ တေးရေးဆရာစိုင်းလောဝ်ဆိုင် အပါအဝင် မွေးချင်းမောင်နှမ ၆ ယောက်ရှိပြီး သူကတော့ စတုထ္တမြောက်သားဖြစ်ပါတယ်။ ဇနီးသည် နန်းမိုးမိုးအေး၊ နန်းမေနှင်းဝါ၊ နန်းမောက်စံခမ်း၊ နန်းလောဝ်လောဝ် (ပူစပါး)၊ နန်းခေးလားမိုးတို့နဲ့ အိမ်ထောက်ဆက်တွေရှိခဲ့ပြီး သားသမီး ၇ ယောက် မြေး ၉ ယောက် ကျန်ရှိခဲ့ပါတယ်။