မြန်မာဂန္ထဝင် အဆိုတော်ကြီး မာမာအေး (အသက် ၈၁ နှစ်) ဟာ အမေရိကန်နိုင်ငံမှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၈ ရက် ညနေ ၆ နာရီ ၂၈ မိနစ် ၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅ နာရီ ၅၈ မိနစ်က ကွယ်လွန်သွားပါတယ်။
အဆိုတော်ကြီး မာမာအေးဟာ အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်၊ ဖို့ဒ်ဝိန်း မြို့ရှိ သူ့ရဲ့ နေအိမ်မှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တာလို့ သူနဲ့ရင်နှီးတဲ့ မိတ်ဆွေတွေက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
မြောင်းမြမြို့ဇာတိ အဆိုတော် မာမာအေးကို ဖခင် နှဲဆရာ ဦးအေး၊ မိခင် ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း) တို့က ၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက "ခေတ်သစ် ရာဇဝင် ပြဇာတ်အဖွဲ့" မှာ သီချင်းဆို၊ ပြဇာတ်ကခဲ့ပြီး အသက် ၈ နှစ်အရွယ်မှာ စတင် အသံ လွှင့်ခဲ့တယ်လို့ သိရပါတယ်။
သန်းသန်းမြင့် အမည်နဲ့ "စန္ဒရား မြမြအေး အပျော်တမ်း တူရိယာ အဖွဲ့"၊ မြင့်မြင့်အေး အမည်နဲ့"ပွင့်ဦး တေးသံ အပျော်တမ်း တူရိယာ အဖွဲ့"၊ "မြင့်သီရိ အပျော်ထမ်း တူရိယာ အဖွဲ့"၊ "ချိုတေးရှင် တူရိယာ အဖွဲ့"၊ မာမာအေး အမည်နဲ့ "ရဲသီဟ အပျော်တမ်း တူရိယာ အဖွဲ့"၊ "စစ်ရဲ ဂီတ တူရိယာ အဖွဲ့"၊ "ကေသီပန် တူရိယာ အဖွဲ့"၊ "ဂီတ မာလာ သီချင်းကြီး တူရိယာ အဖွဲ့"၊ "စောင်း ဦးခင်မြင့် သီချင်းကြီး တူရိယာ အဖွဲ့"၊ "မန္တလေး စန္ဒရား ဦးအုန်းမောင် သီချင်းကြီး တူရိယာ အဖွဲ့" တွေမှာ ပါဝင် ဖျော်ဖြေခဲ့တာပါ။
၁၉၅၅ ခုနှစ်မှာတော့ "သက်တန့်ပေါ်မှာ ကစားမယ်" သီချင်းနဲ့ နိုင်ငံသိ အဆိုတော် ဖြစ် လာခဲ့ပြီး ၁၉၅၆၊ ၅၇၊ ၅၈ ခုနှစ်တွေမှာ ကျောင်းပေါင်းစုံ ကဗျာရွတ် ပြိုင်ပွဲမှာ အ လယ်တန်း ပထမဆု ၃ နှစ် ဆက်တိုက် ရရှိကာ တံခွန်စိုက်ဆု အပ်နှင်းခြင်း ခံခဲ့ရပါတယ်။
အဆိုပါကာလတွေအတွင်း "လေးမာ" ကလောင်အမည်နဲ့ ကဗျာစာညွန့်၊ သီချင်းတွေ လည်း ရေးခဲ့တဲ့အပြင် ၁၉၆၁ ခုနှစ်က စတင်ပြီးတော့ မြန်မာ့အသံမှာ အစီအစဉ် လက်ထောက်ထုတ်လွှင့်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ မြန်မာနိုင်ငံ ခေတ်ပေါ် တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်အဖြစ် လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဒါ့အပြင် အဆိုတော်ကြီး မာမာအေးဟာ “မြခြူသံ”၊ “သူ့ကိုမှ ချစ်သည်”၊ “မန်ဒါလီ” စတဲ့ ရုပ်ရှင်ကားတွေမှာလည်း သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။
၁၉၉၈ ခုနှစ်က စတင်ပြီးတော့ အဆိုတော် မာမာအေးဟာ အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့ နေထိုင်ပြီးတော့ ဂီတအနုပညာအလုပ်တွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၀ ကျော်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် မာမာအေးဟာ သူ့ရဲ့ ဂီတသက်တမ်းတလျှောက် ရေဒီယိုတေး ဓာတ်ပြား တေးစု နဲ့ ရုပ်ရှင်တေး အယ် လ်ဘမ်ပေါင်း ၅၀ ကျော် ထုတ်လွှင့် ထွက်ရှိခဲ့ပြီး သက်တန့်ပေါ်မှာကစားမယ်၊ မေ့ကွက်ကိုရှာ၊ မောင့်အချစ်မြားစူး စတဲ့ ဂန္တဝင်တေးသီချင်းတွေကတော့ ရေပန်းစားထင်ရှားပါတယ်။
လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် အနုပညာအသိုင်းအဝိုင်းကရော၊ ပရိ သတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေနေကြတာ တွေ့ရပါတယ်။