စပိန်တောင်တက် ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ဟာ စပိန်နိုင်ငံ တေနေရီဖေကျွန်းပေါ်မှာ လွန်ခဲ့တဲ့ တလနီးပါးက ဗြိတိန် ဆယ်ကျော်သက် ဂျေးစလိတ်တာ ပျောက်သွားတဲ့ နေရာနားမှာ လူရုပ်ကြွင်းကို တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သွားလာရခက်ပြီး တောင်ထူထပ်တဲ့နေရာမှာ ပြုတ်ကျ သေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ ဂါးဒီးယာမြို့ပြရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပေမဲ့ မတော်တဆမှု ဟုတ်၊ မဟုတ် ရင်ခွဲ စစ်ဆေးပြီးမှ အတည်ပြုနိုင်မယ်လို့ ဆိုပါတယ်။
အလောင်းကို တနင်္လာနေ့ မနက်ပိုင်းမှာ တောင်ပေါ် ကယ်ဆယ်ရေးအဖွဲ့က တွေ့ခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာ သတင်းဌာနကို ဖုန်းနဲ့ပြောပါတယ်။
မိသားစုကို အကြောင်းကြားထားပြီး မကြာမီ အလောင်းစစ်သွားမယ်၊ ဒီအမှုကို တေနေရီဖေတရားရုံးဆီ လွှဲပြီး သေဆုံးရတဲ့ အကြောင်းရင်းကို ဆုံးဖြတ်မယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
အသက် ၁၉ နှစ်အရွယ် ဂျေး စလိတ်တာဟာ ဇွန် ၁၇ ရက်မှာ ပျောက်ဆုံးသွားခဲ့ပြီး ကာနာရီကျွန်းစုထဲက ဝေးလံခေါင်သီတဲ့ အမျိုးသားဥယျာဉ်ရှိရာ မက်စ်ကာ လျှိုမြောင်ထဲမှာ သူ့ဖုန်းကို နောက်ဆုံးခြေရာခံနိုင်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ၊ ကယ်ဆယ်ရေးသမားတွေနဲ့ ခွေးတွေ၊ ဒရုန်းတွေနဲ့ ရဟတ်ယာဉ်တွေကို သုံးပြီး ဒါဇင်ပေါင်းများစွာသော အရာရှိတွေ၊ ကယ်ဆယ်ရေးသမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေက စလိတ်တာကို ရှာခဲ့ကြတာပါ။
ရှာဖွေရေးကို ဇွန် ၃၀ မှာ အဆုံးသတ်ခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့က ပြောပေမဲ့ ဂါဒီယာအရပ်ဘက် အရာရှိတွေက အဲဒီပတ်ဝန်းကျင်မှာ ၂၉ ရက်လုံးလုံး အဆက်မပြတ် ရှာဖွေနေခဲ့ကြတယ်လို့ စပိန် ရဲတပ်ဖွဲ့က ပြောပါတယ်။
Source-Reuters