ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးက စားသောက်ဆိုင်တဆိုင်ရဲ့ အပြင်ဘက်မှာ ကားဗုံးတလုံး ဇူလိုင် ၁၄ ရက်ညက ပေါက်ကွဲခဲ့လို့ လူ ၅ ဦးသေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့ပါတယ်။
ဆိုင်ထဲမှာ ဖောက်သည်တွေက ယူရို ၂၀၂၄ ဘောလုံးပွဲကို TV ကနေ ကြည့်နေတုန်း အစ္စလာမစ် သူပုန်တွေ ဗုံးခွဲခဲ့တာလို့ ရဲတွေက ပြောပါတယ်။
သမ္မတနန်းတော်နားက အစောင့်အကြပ်ထူတဲ့ ဧရိယာအတွင်း ဗုံးကွဲလို့ အနားက အဆောက်အဦ တွေ အတော်များများ ပျက်စီးပြီး ကား ၁၀ စီးလောက် ပျက်စီးပါတယ်။
အယ်လ်ရှာဘတ် စစ်သွေးကြွတွေက တိုက်ခိုက်မှုအတွက် သူတို့မှာ တာဝန်ရှိတယ်လို့ သူတို့ရဲ့ မိတ်ဖက် ရေဒီယိုကနေ ပြောပါတယ်။
ဗုံးဟာ လုံခြုံရေး အဖွဲ့ဝင်တွေနဲ့ အစိုးရ ဝန်ထမ်းတွေ ညဘက် ဆုံတွေ့ကြတဲ့ နေရာကို ပစ်မှတ်ထားခဲ့တာလို့လည်း သူတို့က ပြောပါတယ်။
ဆိုမာလီနိုင်ငံရဲ့ နေရာ အများအပြားကို အုပ်ချုပ်ခဲ့ဖူးတဲ့ အယ်လ်ရှာဘတ် အစ္စလာမစ် အုပ်စုဟာ ဆိုမာလီနိုင်ငံအတွင်း အစ္စလာမ် ဘာသာရဲ့ တင်းကျပ်တဲ့ပုံစံနဲ့ ကျင့်သုံး အုပ်ချုပ်နိုင်ဖို့ နှစ်ချီ တိုက်ပွဲဝင် နေခဲ့ပါတယ်။
Source-Reuters