ရုရှားရဲ့ ကော့ကေးဆပ်တောင်ပိုင်း မဟာမိတ်ဖြစ်ခဲ့တဲ့ အာမေးနီးယားနိုင်ငံထဲမှာ အာမေးနီးယားနဲ့ အမေရိကန်စစ်တပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှာ ဖြစ်ပြီး ဇူလိုင် ၂၄ ရက်ထိ ကြာမယ်လို့ အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်မှာ ကြေညာပါတယ်။
The Eagle Partner 2024 စစ်ရေးလေ့ကျင့်ပွဲမှာ ငြိမ်းချမ်းမှုထိန်းသိမ်းရေးဆိုင်ရာ စစ်ဆင်ရေးတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်သွားမယ်၊ ဒါမျိုး စစ်ရေးလေ့ကျင့်တာတွေက မိတ်ဖက်နိုင်ငံတွေကြားမှာ ပုံမှန်ပါပဲလို့လည်း ဝန်ကြီးဌာနက ဆက်ပြောပါတယ်။
အာမေးနီးယားနိုင်ငံနဲ့ အိမ်နီးချင်း အဇာဘိုင်ဂျန်နိုင်ငံတို့ကြား ပဋိပက္ခမှာ ရုရှားက အာမေးနီးယားကို ကာကွယ်ပေးဖို့ ပျက်ကွက်တယ်လို့ ရှုမြင်ပြီး လတ်တလောနှစ်တွေအတွင်း အာမေးနီးယားနဲ့ ရုရှား ၂ နိုင်ငံကြား ဆက်ဆံရေး အေးစက်လာခဲ့တာပါ။
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) နဲ့ ပူးပေါင်းခြင်းအားဖြင့် အာမေးနီးယားဟာ ကော့ကေးဆပ် တောင်ပိုင်းဒေသ မတည်မငြိမ်ဖြစ်မယ့်ဘေးကို ဆောင်ကြဉ်းပြီး ကိုယ့်နိုင်ငံလုံခြုံရေးကိုပါ လှိုက်စားသလိုဖြစ်လိမ့်မယ်လို့ ရုရှား နိုင်ငံခြားရေး ဒုဝန်ကြီး မီခေးလ် ဂါလူဇင်က ဇူလိုင် ၁၁ ရက်မှာ ပြောခဲ့ပါတယ်။
အမေရိကန်မြို့တော် ဝါရှင်တန်မှာ ကျင်းပတဲ့ NATO ထိပ်သီးညီလာခံကို အာမေးနီးယားနိုင်ငံက တက်ရောက်ခဲ့တဲ့ အချက်အပေါ်လည်း ရုရှားအစိုးရက မပျော်မရွှင် ဖြစ်နေတယ်လို့ ဂါလူဇင်က ဆက်ပြောခဲ့ပါတယ်။
Source-Reuters