Home
မြန်မာသတင်း
တနင်္သာရီတွင်  အမြောက်တပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
July 16, 2024
wap 1672024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စုမှာ စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူတဦး ဒဏ်ရာရသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၂ တာဝန်ခံတဦးဆီက သိရပါတယ်။

ဇူလိုင် ၁၅ ရက် နေ့လယ် ၁ နာရီလောက်က  အရှေ့မော်တုန်းရွာအုပ်စု၊ ကမ်းရိုးတန်း ၂ ရွာမှာ နေထိုင်တဲ့ အသက် ၄၂ နှစ်အရွယ် မမီးငယ်ဟာ  ကျွန်းထိပ်ကျေးရွာက နာရေးအိမ်ကို သွားဖို့အတွက် အရှေ့မော်တုန်းရွာက ဖခင်ဖြစ်သူအိမ်မှာ ခေတ္တဝင်နားစဥ် လက်နက်ကြီးကျရောက်ပြီး ထိမှန်သေဆုံးခဲ့တာလို့  ပြောပါတယ်။

မြိတ်ခရိုင်စစ်ကြောင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူက ကျွန်းထိရွာနာရေးအိမ် ၇ ရက်ပြည့်လို့ သွားမလို့ပါ။ သူ့အဖေအိမ်မှာ ခဏလေးနားနေတုန်းမှာ ထိတာပါ။ သူ့အိမ်မှာမဟုတ်ပါဘူး။ လက်နက်ကြီးက ၇ ချက်ပစ်တယ်။ ဦးခေါင်း၊ ရင်အုံ၊ လက်မောင်းနဲ့ ခြေထောက်တို့မှာ ထိတာပါ” လို့ပြောပါတယ်။

လက်နက်ကြီးထိမှန်ခဲ့ပြီးနောက် မမီးငယ်အား ဆေးရုံကို ပို့ဆောင်ဖို့အတွက် ခေါ်ဆောင်သွားအချိန် ထိခိုက်ဒဏ်ရာကပြင်းထန်တာကြောင့် လမ်းမှာပဲ သေဆုံးခဲ့တာလို့ သိရပြီး တခြားထိခိုက်ဒဏ်ရာရသူတွေမရှိဘူးလို့ ပြောပါတယ်။ 

စစ်ကောင်စီရဲ့  ၃၀၆ အမြောက်တပ်ရင်းမှာ မကြာခဏ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ရမ်းသန်း ပစ်ခတ်လေ့ရှိပြီး ဒီမတိုင်ခင် ဇွန် ၁၇ ရက်ကလည်း ၃၀၆ အမြောက်တပ်က ပစ်တဲ့လက်နက်ကြီးကျ ပေါက်ကွဲကာ အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ပါသေးတယ်။

အဆိုပါ စစ်ကောင်စီရဲ့ ၃၀၆ အမြောက်တပ်ရင်းအနီးတဝိုက်မှာ တပ်ရင်းကနေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို တက်နင်းမိလို့ ကိုယ်လက်အင်္ဂါဆုံးရှုံးထားရတဲ့ သူတွေရှိသလို ပြင်းထန်ဒဏ်ရာကြောင့် သေဆုံးတဲ့ အရပ်သားပြည်သူတွေလည်း အများအပြားရှိတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024