အိုလံပစ်မီးရှူးတိုင်ဟာ ဇူလိုင် ၁၄ ရက်မှာ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်ရှိလာတာမှာ ပြင်သစ်လက်ရွေးစင်ဟောင်း အွန်နရီက လက်ဆင့်ကမ်းသယ်ယူခဲ့ပြီး ပါရီမြို့တော်ဝန် ဟီဒယ်ဂိုထံ လက်ဆင့်ကမ်းခဲ့တာတွေ့ရပါတယ်။
အွန်နရီဟာ အိုလံပစ်ပြိုင်ပွဲဝင် ပြင်သစ်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ အိုလံပစ်မီးရှူးတိုင်သယ်ဆောင်ရတာနဲ့ ပတ်သက်ပြီး အွန်နရီက “ဒီနိုင်ငံမှာ အိုလံပစ်ပြိုင်ပွဲကျင်းပခွင့်ရတာက အရမ်းကောင်းပါတယ်။ ဒီလိုအချိန်အခါမျိုး ကျနော် မကြုံဖူးပါဘူး။ ဇူလိုင်လ ၁၄ ရက်နေ့ဟာ ဘက်စတီရယ်နေ့ ဖြစ်ပါတယ်။ ပြင်သစ်အမျိုးသားနေ့လို့ ခေါ်တဲ့ ဒီနေ့က ဘာအဓိပ္ပါယ်လည်းဆိုတာ လူတိုင်းသိပါတယ်။ အိုလံပစ်ပြိုင်ပွဲကို ပြင်သစ်မှာ ကျင်းပခွင့်ရတဲ့အချိန် မီးရှူးတိုင်သယ်ဆောင်ရတဲ့ ခံစားချက်က အရမ်းကောင်းပါတယ်”လို့ ပြောပါတယ်။
အိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူမှုကို ဧပြီ ၁၆ ရက်က ဂရိနိုင်ငံ အိုလံပီယာကနေ ပြိုင်ပွဲကျင်းပဖို့ ရက်ပေါင်း ၁၀၀ အလိုမှာ စတင်သယ်ယူခဲ့တာဖြစ်ပါတယ်။
မီးရှူးတိုင် လက်ဆင့် ကမ်းသယ်ဆောင်မှုမှာ မီးရှူးတိုင်သယ်ဆောင်သူ ပေါင်း ၁၀၀၀၀ ပါဝင်ပြီး နိုင်ငံ ၆ နိုင်ငံဖြတ်သန်းကာ ပြင်သစ်နိုင်ငံရှိ နယ်မြေ ၆၅ ခုကို ဖြတ်သန်းပြီး သယ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အိုလံပစ်မီးရှူးတိုင်သယ်ယူမှုဟာ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပမယ့် ပါရီမှာရှိတဲ့ အိုလံပစ်မီးရှူးတိုင်ကြီးဆီမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
မီးရှူးတိုင်သယ်တဲ့လက်ဆင့်ကမ်းမှုကို နိုင်ငံတကာက ခရီးသွားတွေလည်း လာရောက်ကြည့်ရှုကြပါတယ်။
ခရီးသွား ရှောင်သောမတ်က “အိုလံပစ်မီးရှူးတိုင် ပါရီကိုရောက်လာတာကို မြင်ရတော့ ဒါဟာ သမိုင်းဝင်မယ့် အဖြစ်အပျက်တခုလို့ ခံစားရပါတယ်။ ဒီလို အိုလံပစ်မီးရှူးတိုင်သယ်တဲ့အထဲမှာ ကိုယ်တိုင်ပါဝင်ချင်တဲ့ ခံစားမှုမျိုးဖြစ်လာပါတယ်။ မီးရှူးတိုင်းသယ်တာကို မြင်တော့ စည်းလုံးမှု၊ အတူပူးပေါင်း ဆောင်ရွက်မှုနဲ့ နိုင်ငံပေါင်းစုံက ပူးပေါင်းပါဝင်မှုတွေကို ခံစားရပါတယ်။ ဒါက ကျနော် မြင်ချင်တဲ့ အရာကို မြင်ခဲ့ရတာပါ”လို့ ပြောပါတယ်။
၂၀၂၄ ပါရီအိုလံပစ်ကို ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁၁ ရက်အထိ ကျင်းပမှာဖြစ်ပြီး မသန်စွမ်းအိုလံပစ်ပြိုင်ပွဲတွေကိုတော့ ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
ပြင်သစ်နွေရာသီ အိုလံပစ်ပြိုင်ပွဲမှာ ဘရိတ်ဒန့်လိုမျိုး အကပြိုင်ပွဲပါဝင်မှာဖြစ်ပြီး အားကစားနည်း ၃၂ မျိုးကို နိုင်ငံပေါင်း ၂၆ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
အားကစားနည်း ၃၂ မျိုးမှာ ပြိုင်ပွဲပေါင်း ၃၂၉ ပွဲကျင်းပမှာဖြစ်ပါတယ်။ ၂၀၂၄ နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကြက်တောင်ရိုက်နဲ့ ရေကူးအားကစားနည်း ၂ မျိုးယှဉ်ပြိုင်မှာဖြစ်ပြီး သက်ထားသူဇာနဲ့ ဖုန်းပြည့်ဟန်တို့ ၂ ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Photo-Reuters