Home
နိုင်ငံတကာ
တရုတ်သမ္မတ ဥရောပခရီးစဉ် စတင်၊ ပြင်သစ်သို့ရောက်ရှိ
DVB
·
May 6, 2024
China_France_06052024

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၅ နှစ်အတွင်း ပထမဆုံး ဥရောပခရီးစဉ်အဖြစ် ဆားဘီးယားနဲ့ ဟန်ဂေရီကို မဝင်မီ ပြင်သစ်နိုင်ငံကို မေ ၅ ရက်က ရောက်ရှိလာရာမှာ သမ္မတ ရှီကို ပြင်သစ်ဝန်ကြီးချုပ် ဂေဘရီယဲယ် အက်တဲက ပါရီမှာ ကြိုဆိုခဲ့ပါတယ်။

မေ ၆ ရက်မှာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ တွေ့ဆုံဖို့ရှိပြီး ကုန်သွယ်ရေး မညီမျှမှု ပြဿနာ၊ ယူကရိန်းစစ်ပွဲမှာ ရုရှားအပေါ် တရုတ်ရဲ့ လွှမ်းမိုးပတ်သက်မှုတွေအကြောင်း ဆွေးနွေးဖို့ ရှိနေပါတယ်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်နဲ့လည်း ပါရီမှာပဲ တွေ့ဖို့ရှိပါတယ်။

တရုတ်နဲ့ ဥရောပသမဂ္ဂ (EU) တို့ဟာ အပြန်အလှန်ပိတ်ဆို့မှုတွေနဲ့ ဆက်ဆံရေး အေးစက်နေသလို တရုတ်အပေါ် မှီခိုရမှုလျှော့ချရေး EU က ကြိုးပမ်းနေပါတယ်။

ပြင်သစ်မှာ အကျေအလည် ဆွေးနွေးရဖို့ရှိပေမဲ့ တရုတ်တို့ ရုရှားတို့နဲ့ ပြေလည်တဲ့ ဆားဘီးယားနဲ့ ဟန်ဂေရီမှာတော့ နွေးထွေးတဲ့ကြိုဆိုမှုနဲ့ ကြုံရဖို့ရှိနေပါတယ်။

ယူဂိုဆလားဗီးယားပြည်ထောင်စု ခေတ်တုန်းက ဘဲလ်ဂရိတ်မြို့က တရုတ်သံရုံးကို NATO က ဗုံးမှားကြဲခဲ့ဖူးပါတယ်။ အဲဒီအတွက် အမေရိကန်က တောင်းပန်ခဲ့သလို လျော်ကြေးလည်း ပေးခဲ့ပါတယ်။

အခု ဆားဗီးယားနိုင်ငံထဲပါတဲ့ ဘဲလ်ဂရိတ်မြို့မှာ သံရုံးဗုံးကြဲခံရမှု ၂၅ နှစ်ပြည့် အခမ်းအနားကို သမ္မတ ရှီ တက်ရောက်မှာဖြစ်ပါတယ်။

တရုတ်မှာ ဆားဘီးယားက ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် ပြုလုပ်ထားပါတယ်။ EU ဝင်ဖို့ လျှောက်ထားဆဲ ဆားဘီးယားနဲ့ အဓိကကုန်သွယ်ဘက်ဟာ EU ဖြစ်နေ‌ပေမဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက တဟုန်ထိုး တိုးတက်လာပါတယ်။

ဟန်ဂေရီဟာလည်း ဥရောပသမဂ္ဂဝင်ဖြစ်ပေမဲ့ အဖွဲ့နဲ့ အဆင်မပြေလှတဲ့ ရပ်တည်ချက်ရှိတဲ့ နိုင်ငံပါ။ ဟန်ဂေရီဟာ EU ရဲ့ တရုတ်ထရိုဂျန်မြင်း ဖြစ်လာနိုင်တယ်လို့တောင် သုံးသပ်နေကြပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013