သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို သေနတ်သမားက လုပ်ကြံဖို့ ကြိုးစားတဲ့ကိစ္စမှာ ကြားက သေဆုံးသွားတဲ့ စုဝေးပွဲလာ ပရိသတ်တဦးဟာ ပစ်ခတ်မှုဖြစ်ပွားချိန်မှာ သူ့မိသားစုအပေါ် ခုန်အုပ်ကာကွယ်ပေးရင်း ကွယ်လွန်ခဲ့ရတာလို့ အာဏာပိုင်တွေက ပြောပါတယ်။
အသက် ၅၀ အရွယ် စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ အကြီးအကဲ ကော်ရေးကွမ်ပရီတောရ်ဟာ သူရဲကောင်းတယောက်လို သေဆုံးခဲ့တာဖြစ်တယ်လို့ ပင်ဆီလ်ဗေးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျို့ရှ် ရှာပီယိုက ပြောပါတယ်။
တခြားသူ ၂ ဦးလည်း ကျည်ဆန်ထိခဲ့ပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ဘူးလို့ ဆိုပါတယ်။ ကွမ်ပရီတောရ်ဟာ ဘာသာရေးကိုင်းရှိုင်းသူ၊ မိသားစုကို အထူးချစ်ခင်သူဖြစ်ပြီး ထရမ့်ပ်ရဲ့ အမာခံပရိသတ်လည်း ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
သမီး ၂ ယောက်ဖခင် ကွမ်ပရီတောရ်ဟာ စုဝေးပွဲလုပ်တဲ့နေရာနဲ့ ၁၂ မိုင်ပဲဝေးတဲ့ ဆာဗာအရပ်မှာ နေထိုင်သူ ဖြစ်ပါတယ်။ မီးသတ်အဖွဲ့ကို ဦးစီးတဲ့အပြင် စီးပွားရေးအဖြစ် ပလတ်စတစ်ထုတ်တဲ့ ကုမ္ပဏီတခုမှာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။
စုဝေးပွဲမှာ သေနတ်သမားဟာ ကျည် ၆ ချက်ကနေ ၈ ချက်အထိ ပစ်ခတ်ခဲ့ပြီး ထရမ့်ပ်ရဲ့ နားရွက်ကို ကျည်တတောင့်ပဲ ရှပ်ထိခဲ့ပါတယ်။
Source-Reuters