စပိန်နိုင်ငံမြောက်ပိုင်း ပမ်ပလိုနာမှာ နှစ်စဉ်ကျင်းပနေကျ နွားရိုင်းလိုက်ပွဲကို ဇူလိုင် ၁၃ ရက်က ကျင်းပခဲ့ပြီး လူ ၅ ဦး ဒဏ်ရာရခဲ့ပေမဲ့ ချို(ဂျို) နဲ့ အဝှေ့ခံရလို့ သွေးထွက်သံယို ဖြစ်သူတော့ မရှိခဲ့ဘူးလို့ ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ပါတယ်။
တပတ်ကြာ ကျင်းပနေတဲ့ စိန့်ဖာမင်ပွဲတော်မှာ လူကြိုက်အများဆုံးဖြစ်တဲ့ နွားရိုက်လိုက်ပွဲမှာ လေ့ကျင့် ပေးထားတဲ့ တိုက်ခိုက်ရေး နွားရိုင်း ၆ ကောင်ဟာ နွားထိန်း ၆ ဦးရဲ့ ထိန်းကျောင်းမှုနဲ့ လူအုပ်ကြီးကို လိုက်ဝှေ့တာ ဖြစ်ပါတယ်။
မီတာ ၈၀၀ ရှည်တဲ့ ပမ်ပလိုနာရဲ့ ရပ်ကွက်ဟောင်းက လမ်းကျဉ်းလေးတွေမှာ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးက တမင် နွားအလိုက်ခံပြီး ထွက်ပြေးကြရတာဖြစ်ပါတယ်။
ဒေသစံတော်ချိန် နံနက် ၈ နာရီမှာ စတဲ့ ပွဲမှာ နွားအလိုက်ခံချင်သူတွေဟာ အနီရောင် လည်စည်း၊ တချို့က အနီရောင်ဝတ်စုံတွေဝတ်ပြီး နွားရိုင်းလိုက်တဲ့ လမ်းကြောင်းမှာ ပြေးကြတာ ဖြစ်ပါတယ်။
တချို့ကျတော့လည်း အဲဒီလိုပြေးကြတာကို လာပဲကြည့်ပြီး ဝင်ပြေးလေ့မရှိပါဘူး။ ဂျာမနီကတောင် လာပြေးတဲ့ စတီဖင် ဖော်ရက်စတာကတော့ သူ ဒီပွဲကို နွှဲလာတာ အကြိမ် ၃၀ နီးပါးရှိပေမဲ့ ဘေးကင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပွဲမှာ ၂၀၀၉ တုန်းက စပိန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပေမဲ့ အဲဒီနောက်ပိုင်း အသေအပျောက် မရှိခဲ့ဘဲ ဒဏ်ရာရသူသာ ပုံမှန်ရှိပါတယ်။
Source-Reuters