Home
မြန်မာသတင်း
မြန်မာစစ်တပ် လက်နက်ဝယ်ယူမှုနှင့်ဆက်နွှယ်သည့် ငွေစာရင်း ထိုင်းဘဏ်များ စုံစမ်းနိုင်စွမ်းမရှိ
DVB
·
July 12, 2024
Photo -REUTERS

မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူမှု လွယ်ကူချောမွေ့အောင် လုပ်ပေးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို   ထိုင်းနိုင်ငံရဲ့ အဓိက ဘဏ်ကြီးတွေက ခုခံငြင်းဆိုလိုက်ပြီး ဒီအတွက် အသုံးပြုနိုင်တဲ့ ငွေလွှဲပြောင်းမှုတွေ အားလုံးကို စုံစမ်းစစ်ဆေးနိုင်စွမ်း မရှိဘူးလို့လည်း  ပြောလိုက်ပါတယ်။

ဒါပေမဲ့ သူတို့ဟာ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာကြောင်း ဘဏ်ကိုယ်စားလှယ်တွေက ထိုင်းလွှတ်တော်ကော်မတီကို ဇူလိုင် ၁၁ ရက်က ပြောကြားခဲ့ တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ် စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူရာမှာ ထိုင်းဘဏ်တွေကို အသုံးပြုပြီး ငွေပေးချေတယ်လို့ ပြောခဲ့ပြီး ၂ဝ၂၃ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ သန်း ၁၂ဝ တန်ဖိုးရှိတဲ့ လက်နက်နဲ့  ဆက်စပ် ပစ္စည်းတွေကို ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ၅ ခုကို အသုံးပြုခဲ့တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါထိုင်းအခြေစိုက် ကုမ္ပဏီတွေက စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာနဆီ ထောက်ပံ့တဲ့ ပစ္စည်းတွေထဲမှာ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေအတွက် အပိုပစ္စည်းတွေကနေ ရေဒီယိုဆက်သွယ်ရေးနဲ့ အိုင်တီပစ္စည်းတွေ၊ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ပစ္စည်းတွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းကိရိယာတွေ၊ ချောဆီနဲ့ ဆီတွေလို  နှစ်ထပ်သုံး ကုန်ပစ္စည်းတွေအထိ ပါဝင်နေပြီး တန်ဖိုးခွဲခြမ်းစိတ်ဖြာလို့ မရရှိနိုင်ဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကော်မတီက ကုလသမဂ္ဂအစီ ရင်ခံစာမှာ ဖော်ပြထားတဲ့ Krungthai၊ Siam Commercial Bank၊ Bangkok Bank ၊ TMB Thanachart Bank နဲ့  Kasikorn Bank တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Krungthai Bank ဒုဥက္ကဋ္ဌ ပုန်ဆစ် ချိုင်ချွတ်ပွန်ဆပ်ကတော့  ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်း ကိုယ်စား ကော်မတီကို ဘဏ်တွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာကြပေမဲ့ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ တဆင့်ခံ အရောင်းအ၀ယ်တွေကိုတော့ စုံစမ်းစစ်ဆေးဖို့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။

“ဒါက ကျနော်တို့ သိလိုတာထက် ကျော်လွန်ပါတယ်။ ဘဏ်တွေဘက်မှာ ဒီလို ကျွမ်းကျင် စုံစမ်းစစ်ဆေးသူတွေ မရှိပါဘူး။” 

ဒါ့အပြင် ထိုင်းဘဏ်တွေအနေနဲ့ ဘယ်လိုအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်အလုပ်လုပ်ခွင့် မရှိဘူးဆိုတာကို ထိုင်းအစိုးရနဲ့ လွှတ်တော်အမတ်တွေဘက်က ရှင်းရှင်းလင်းလင်း တိတိကျကျ သတ်မှတ်ပေးမှဟာ အားလုံးလိုက်နာဆောင်ရွက်နိုင်လိမ့်မှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံ ဗဟိုဘဏ် (BoT) ကတော့ မြန်မာနိုင်ငံက လက်နက်ဝယ်ယူမှုတွေနဲ့ ဆက်နွှယ်နိုင်တဲ့ အရောင်းအဝယ်အားလုံးကို စုံစမ်းစစ်ဆေးဖို့အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (Amlo) နဲ့  ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ ရန်ဆီမန် ရုမ်းမ်ကတော့ “ဒီပြဿနာကို ဖြေရှင်းဖို့ စင်ကာပူကို စံနမူနာအနေနဲ့ သုံးဖို့လိုပါတယ်။ မြန်မာစစ်အစိုးရကို လက်နက်ရောင်းဝယ်ရာမှာ အဆင်ပြေချောမွေ့စေဖို့နဲ့ ပြည်သူတွေကို သတ်ဖြတ်ရာမှာ ကျနော်တို့ရဲ့ ဘဏ်စနစ်ကို အသုံးပြုပြီး ထောက်ပံ့မယ်ဆိုရင် ဒါကို လက်ခံနိုင်စရာ မရှိဘူးလို့ ကော်မတီက ယူဆပါတယ်” လို့ ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနက ထိုင်းဘဏ် ၅ ခုနဲ့ မြန်မာစစ်ကောင် စီဘက်ကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ဖြေကြားမှုတွေ တစုံတရာ မရရှိခဲ့ဘူးလို့ သိရပါတယ်။

Source: Bangkok Post/ Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013