Home
ဆောင်းပါး
စစ်အာဏာရှင်အန္တရာယ်ကြားက မြန်မာသတင်းသမားများ
DVB
·
July 6, 2024
Design-DVB

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံအနှံ့အပြားမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ အေးအေးချမ်းချမ်း ဆန္ဒပြနေပေမဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုများကြောင့် သတင်းယူနေကြတဲ့ သတင်းထောက်တွေ၊ ဆန္ဒပြပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေအထိ ဖြစ်လာခဲ့ပါတယ်။

ပဲခူးတိုင်း၊ ပြည်မြို့မှာတော့ စစ်တပ်က စတင်ပစ်ခတ်ကတည်းက သတင်းထောက်တွေကို ပစ်မှတ်ထားပြီး ပစ်ခတ်ခဲ့တာပါ။ ပထမဦးဆုံး ပစ်ခတ်တဲ့နေ့မှာပဲ ပထမဆုံး ပစ်ခတ်ခံရတာက မြေလတ်အသံ သတင်းဌာနက သတင်းထောက်တယောက်ပါ။ သူတယောက်တည်းကိုတင် လေးချက် ပစ်ခတ်ခံရတာပါ။ လူထောင်ချီဆန္ဒပြနေတဲ့ လူအုပ်ကြီး၊ အဲအထဲမှာမှ သူက Press ဦးထုပ်ဆောင်းထားတော့ သတင်းထောက်တယောက်တည်းကိုပဲ ရွေးပြီးပစ်တာပါ။

အဲဒီအချိန်က တွေ့ကြုံခံစားခဲ့ရတဲ့ အတွေ့အကြုံတွေကို  ပြည်မြို့အခြေစိုက်  DVB သတင်းထောက် ကိုမင်းညိုက “ကျနော့်ကို မိသွားတဲ့နေ့က သတင်းယူဖို့အတွက် ဆန္ဒပြပွဲတွေကို သတင်းလိုက်နေတဲ့ အချိန်ပေါ့။ အဲအချိန်မှာပဲ ကလေးသုံးယောက်ကို ဖမ်းလာတယ်။ အသက်မပြည့်သေးတဲ့ ကလေးသုံးယောက်ကို ရိုက်နှက်လာတာပါ။ အသက်မပြည့်သေးတဲ့ ကလေးတွေကို လမ်းပေါ်မှာ တကယ့် ရာဇဝင် လူဆိုး၊ သူခိုး၊ ဂျပိုးတွေ ရိုက်နှက်သလိုမျိုး စစ်သားတွေက ရိုက်နှက်လာတာပါ။ အဲရုပ်ကဒ်ကို အမိအရရိုက်ဖို့ဆိုပြီး ဆိုင်တဆိုင်ရဲ့ မှန်ခန်းထဲကနေ လှမ်းပြီး ဖုန်းလေးနဲ့ မှတ်တမ်းတင်ဗွီဒီယို ရိုက်ကူးနေတဲ့အချိန်မှာပဲ သူတို့က မြင်သွားကြတာ။ မြင်သွားတဲ့အချိန်မှာ စစ်သားအုပ်စုက ဝါးကျစ်တုတ်တွေ၊ နံပါတ်တုတ်တွေနဲ့ ဝိုင်းရိုက်တာ။ ကျနော့်ကို ဝိုင်းရိုက်ပြီး ဆွဲခေါ်တာ၊ ကျနော်လည်း အဲဒီဆိုင်က စားပွဲတွေကို ဆွဲထားတာ။ စစ်သားတွေက ကျနော့်ရဲ့ လက်တွေ ခြေထောက်တွေကို စစ်ဖိနပ်နဲ့နင်းတယ်၊ မျက်နှာတွေကိုလည်း နင်းတယ်၊ ခြေထောက်နဲ့လည်း ကန်တဲ့အတွက် နောက်ဆုံး မခံနိုင်ဘဲ လွှတ်ပေးလိုက်ရတယ်။ အဲမှာ ကျနော့်ကို နေရာအနှံ့အပြား စစ်ဖိနပ်နဲ့ ဝိုင်းကန်ပြီးတော့ ဆိုင်ရှေ့ လမ်းပေါ်ကို ပစ်ချလိုက်တယ်။ ပစ်ချတာကလည်း ခွေးသေ၊ ဝက်သေ တကောင်ကို ပစ်ချသလိုမျိုး လမ်းပေါ်ကို ပစ်ချလိုက်တာပါ”လို့ပြောပါတယ်။

အဲဒီအချိန်မှာ ပြည်ခရိုင်ရဲမှူးရောက်လာပြီး သတင်းထောက်မှန်းသိသွားတဲ့အခါ ပိုပြီး ဝိုင်းဝန်း ရိုက်နှက်ခဲ့တယ်လို့လည်း သတင်းထောက် ကိုမင်းညိုက ပြောပါတယ်။

“လမ်းပေါ်ကို ပစ်ချတဲ့အချိန်မှာပဲ ဖြတ်သွားတဲ့ ပြည်ခရိုင်ရဲမှူး ဦးအောင်မိုး ဆိုတဲ့သူက မြင်သွားတယ်။ အရင်စစ်သားတွေ ကျနော့်ကို တွေ့သွားတုန်းက သတင်းထောက်လို့ မထင်ဘူး။ သာမန်ပြည်သူထဲက လူတယောက်က သူတို့ရိုက်နှက်နေတာကို မှတ်တမ်းတင်နေတယ်။ Record ယူနေတယ် ဆိုတဲ့ဟာ တခုနဲ့တင် ရိုက်တာပါ။ ခရိုင်ရဲမှူးက ကျနော့်မျက်နှာကို မှတ်မိတော့ သတင်းထောက်မှန်းသိတယ်။ အဲမှာ သူက မြင်ရင်မြင်ချင်း ကျနော့်မျက်နှာကို စစ်ဖိနပ်နဲ့ အချက်ပေါင်းများစွာ ပြေးပြီး အရင်ကန်တယ်။ ပြီးတော့မှ ငြာသံပေးပြီး အဲကောင်ကိုသတ်၊ အဲကောင်ကိုသတ်၊ အဲကောင်က ပြည်ဖျက်မီဒီယာ အဆိပ်အတောက်။ တိုင်းပြည်ကို ရောင်းစားနေတဲ့အကောင်။ ဒီကောင်ကိုသတ်၊ ဒီကောင် သတင်းထောက်၊ ဒီကောင် သတင်းထောက်။ ဒီကောင်ကိုသတ်ဆိုပြီး ခရိုင်အဆင့် ရဲမှူးတယောက်က ငြာသံပေးလိုက်တယ်ဆိုတော့ ဘေးမှာရှိတဲ့ သူ့ရဲတွေ၊ စစ်သားတွေကပါ ပြေးလာပြီး ဝိုင်းရိုက်ကြတော့ ခေါင်းကွဲပြီး သတိလစ်သွားတယ်။”

ဒါ့အပြင် စစ်ကြောရေးမှာကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးလည်း   DVB သတင်းထောက် ကိုမင်းညိုက ပြန်ပြီး ပြောပြပါတယ်။ 

“ဒါနဲ့ ကျနော် စစ်ကြောရေးကို ရောက်သွားတယ်။ စစ်ကြောရေးမှာ တနေကုန် ရေလည်း မတိုက်ဘူး၊ အစာလည်း မကျွေးဘူး။ ခေါင်းကိုလည်း ၂ ချက်ချုပ်ရတယ်။ ခေါင်းကိုချုပ်တာကလည်း အစိမ်းချုပ်တာ။ ဘာဆေးတလုံးမှ မတိုက်၊ ဘာဆေးတပေါက်မှ မထိုးပေးဘဲ ခေါင်းကို ချုပ်တယ်။ ချုပ်ပြီးတာနဲ့ လက်နှစ်ဖက်ကို ကြိုးတုပ်ပြီး ထုပ်တန်းတခုမှာ ခြေထောက်လွတ်ရုံလေး ဆွဲထားတယ်။ အဲဒါပြီး အလှည့်နဲ့ရိုက်တာ။ Danger Danger တိုင်းပြည်ကို ရောင်းစားတဲ့ကောင်၊ ပြည်ဖျက်မီဒီယာဆိုပြီး အလှည့်နဲ့ရိုက်တာ။ အဲနေ့က တနေ့လုံး စစ်ကြောရေးမလုပ်ဘူး။ တရက်ခွဲလောက်ရိုက်ပြီးမှ ထောင်ကို ပို့လိုက်တာ။ နောက်နေ့ ညနေစောင်းလောက်မှ SB နဲ့ စရဖ ရောက်လာပြီး ကျနော့်ကို မှတ်တမ်းတင်ပြီးတော့ စစ်တဲ့ပုံယူပြီး ထောင်ကိုပို့တော့မှ ရိုက်ခံရတာက လွတ်ခဲ့ရတာပါ။ ကျနော်နဲ့အတူပါလာတဲ့ အဖမ်းခံရတဲ့ ကလေး သုံးယောက်ကတော့ သာမန် တယောက်တချက်စီလောက်ပဲ အရိုက်ခံရတယ်။ ကျနော်ကတော့ အဖွဲ့ပေါင်းများစွာ၊ အချက်ပေါင်းများစွာ အရိုက်ခံခဲ့ရတော့ ခန္ဓာကိုယ် ခြေမျက်စိကနေ လည်ပင်းအထိ အညိုအမဲစွဲတယ်။ ထောင်ထဲအထိ ပက်လက်အိပ်လို့ မရဘူး၊ ဘေးစောင်းအိပ်လို့ မရဘူး။ တင်ပါးတွေ အညိုအမည်းစွဲပြီး သွေးခြည်ဥနေတဲ့အတွက် မှောက်ခုံပဲ အိပ်ရတာ ၁၅ ရက်လောက်ရှိတယ်။ အဲဒီတော့ ကျနော် ပြောချင်တာက သတင်းမီဒီယာဆိုရင် သူတို့က အသေသတ်ဖို့ လုပ်တာ။ နောက်ပြီးတော့ သူတို့က ကျနော့်ကို အသေသတ်ချင်လို့နဲ့တူတယ်။ ပြည် ဒကစမှာ ချုပ်ထားတုန်းက ဗဟိုကင်းမှာ လူတယောက်မှမရှိဘူး ဖြစ်သွားတယ်။ မနက် ၂ နာရီ ၃ နာရီအချိန်လောက်ပေါ့။ အဲဒီအချိန်မှာ လူတယောက်ရောက်လာပြီး အချုပ်ခန်းတံခါးကို ဖွင့်ပေးပြီး ပြေးတော့ ပြေးတော့ဆိုပြီး လာကယ်ထုတ်သလိုလို ဘာလိုလိုနဲ့ ဒီလူကိုလည်း ကျနော် မသိဘူး။ ဒါပေမဲ့ ကျနော်က ဘယ်ပြေးမလဲဗျာ။ ကျနော့်ကို ပြေးခိုင်းပြီး နောက်ကနေ ပစ်တော့မှာ။ ထွက်ပြေးဖို့ ကြိုးစားလို့ သတ်ပစ်လိုက်တယ်ဆိုပြီး သူတို့က လုပ်ချင်တာလေ။ ကျနော် မပြေးဘဲနဲ့ နောက်ဆုံး ထောင်ကျခံပြီး ထောင်ထဲ ရောက်ခဲ့ရတယ်။”

စစ်တပ်က အဓိကပစ်မှတ်ထားနေတာက နိုင်ငံရေးသမားတွေ မဟုတ်ပါဘူး။ တက်ကြွလှုပ်ရှားသူတွေလည်း မဟုတ်ပါဘူး။ သူတို့ပစ်မှတ်ထားတာက သတင်းသမားတွေ၊ သတင်းထောက်တွေကိုပါ။ သတင်းထောက်တွေကိုတော့ ရန်သူသဖွယ် ပစ်မှတ်ပိုထားပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးတက်ကြွသူတွေ၊ နိုင်ငံရေးသမားတွေ၊ သာမန်ပြည်သူတွေက ဖုန်းတွေ ဖေ့စ်ဘွတ်ခ်တွေနဲ့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေလောက်ပဲ တင်လို့ရတာပါ။ သတင်းမီဒီယာသမား သတင်းထောက်တယောက်က သတင်းရိုက်ပြီး သူတို့သတင်းဌာနမှာ တင်လိုက်မယ်ဆိုရင် ပြည်တွင်းရော နိုင်ငံတကာကပါ သိရှိသွားတာပါ။

သတင်းထောက်ဆိုတာက အရှိတရား၊ အသိတရား၊ ကိုယ်တိုင်ကြုံတွေ့ရတဲ့အရာကို တင်ဆက်ပြရတာဆိုတော့ အတိအကျ အဖြစ်မှန်ကိုပဲ ဖော်ပြကြတာပါ။ မီဒီယာမှာလည်း ကျင့်ဝတ်နဲ့ သတင်းထောက်တွေကို ထိန်းချုပ်ထားတာဆိုတော့ ဘက်လိုက်မှုကင်းအောင် ရေးနေရတာပါ။

DVB သတင်းထောက် ကိုမင်းညိုက “ကျနော်တို့ သတင်းထောက်တွေမှာက ဘက်လိုက်မှုကင်းအောင် ရေးရတာပါ။ ဥပမာ ဆန္ဒပြတဲ့သူတွေက ကိုယ့်အမျိုးတွေမို့၊ ကိုယ့်ဘက်ကလူတွေမို့ သာသာထိုးထိုး ရေးလို့မရပါဘူး။ ကျနော်တို့ သတင်းထောက်တွေကိုလည်း ကျင့်ဝတ်နဲ့ ထိန်းချုပ်ထားတာပါ။ သတင်းမီဒီယာဆိုတာ အရှိတရားကိုပဲ ပြတာ။ အဲတော့ စစ်တပ်က အရမ်းကြောက်တယ်။ အရမ်းကြောက်တော့ သတင်းမီဒီယာက သိသွားရင် မလွယ်ဘူးဆိုတာ သူတို့ သိတယ်။ အဲတော့ နံပါတ် ၁ ပစ်မှတ်က သတင်းမီဒီယာသမားတွေပဲ။ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော်အမတ်တွေ၊ ကျောင်းသားသမဂ္ဂတွေကို သူတို့က အဓိကမထားဘူး။ သူတို့ထက်  အဓိကထားတာက သတင်းမီဒီယာသမားတွေကိုပါ။ အဲဒါကြောင့်လည်း ရန်သူသဖွယ် သဘောထားနေကြတာပါ။ ကမ္ဘာပေါ်မှာ အရက်စက်ဆုံး စစ်တပ်၊ အဆိုးရွားဆုံး စစ်တပ်၊ အကြမ်းဖက်စစ်တပ်၊ မုဒိမ်းတပ်ဆိုတဲ့ ဂုဏ်ပုဒ်ရတာလည်း သတင်းမီဒီယာကြောင့်ဆိုတော့ မီဒီယာကို အရမ်းလန့်တယ်။ အရမ်း ရန်ငြိုးလည်းကြီးတယ်။ အရမ်းလည်း အာဃာတထားတယ်။ သတင်းမီဒီယာသမားတွေ အရှိတရားကို အရှိတရားအတိုင်း ဘက်မလိုက်ဘဲ တင်ပြချင်တယ် ဆိုရင်တော့ ပြည်တွင်းမှာနေလို့ အဆင်ပြေမှာမဟုတ်ဘူး” လို့ ဆက်လက်ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရထံကနေ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ သတင်းလွတ်လပ်ခွင့် လုံးဝဆုံးရှုံးသွားခဲ့ပါတယ်။ စစ်တပ်ကနေ အသွင်ပြောင်းထားတဲ့ အစိုးရ သမ္မတဦးသိန်းစိန် လက်ထက်မှာ စာနယ်ဇင်းဆိုင်ရာ ကြိုးနီစနစ်ကို ဖြေလျော့ပေးခဲ့ပြီး NLD အစိုးရလက်ထက်မှာ အတိုင်းအတာတခုအထိသာ လွတ်လပ်ခွင့် ရရှိခဲ့ရာကနေ အခုတော့ လုံးဝ လွတ်လပ်ခွင့် မရှိတော့တာပါ။ ဒါဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံ အရပ်သားအစိုးရ အထက်မှာ စစ်တပ်က ရှိနေလို့ပါ။ ဥပဒေအထက်မှာ မည်သူမျှ မရှိစေရ ဆိုတာက အပြင်မှာမဟုတ်ပါဘူး။ အစိမ်းရောင်စာအုပ်ထဲမှာသာ ရှိတာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထက် ရာထူးကြီးတဲ့ နိုင်ငံတော်ဒုတိယသမ္မတကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ ထူးခြားတဲ့ ဖွဲ့စည်းပုံကြောင့် သတင်းစာမျက်နှာပါ အချက်အလက်အမှန်တွေ၊ ဘက်လိုက်မှုကင်းတဲ့ သတင်းတင်ပြမှုတွေမှာ စစ်တပ်ကိုထိပါးရင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဆိုတဲ့ ပုဒ်မနဲ့ စစ်တပ်က တတိုင်းပြည်လုံးမှာ ပတ်ပြီး သတင်းထောက်တွေ၊ သတင်းတိုက်တွေကို နည်းမျိုးစုံနဲ့ တရားစွဲနေခဲ့တာပါ။

၂၀၂၁ စစ်တပ်က အာဏာမသိမ်းခင် အချိန်ကတည်းက စစ်တပ်ရန်ကြောင့် တိမ်းရှောင်နေရတဲ့ သတင်းသမားတွေ အများအပြား ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးချိန်မှာတော့ မီဒီယာကို ပြည်ဖျက်မီဒီယာလို့ အမည်တပ်ပြီး စစ်တပ်က သတင်းဌာနတွေကို ပိတ်သိမ်းတာတွေ၊ စီးနင်းဝင်ရောက်တာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ သတင်းသမားတွေကို ဖမ်းမိခဲ့ရင်လည်း အသက်သေတဲ့အထိ နှိပ်စက်ညှဉ်းပန်းကြပါတယ်။ အသက်မသေခဲ့ရင်လည်း ပုဒ်မအမျိုးမျိုးနဲ့ အမှုဖွင့် စွဲချက်တင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဒါတွေဟာ အသက်နဲ့ ဘဝကို ရင်းပြီး လျှို့ဝှက်လုပ်ကိုင်နေကြရတဲ့ ပြည်တွင်းက သတင်းလွတ်လပ်ခွင့်မရတဲ့ သတင်းသမားတွေရဲ့ အခက်အခဲတွေပါ။

ပြည်တွင်းမှာ နေထိုင်တဲ့ သတင်းသမားတယောက်ဖြစ်သူ ကိုညီညီ (အမည်လွှဲ) က “ပြည်တွင်းသတင်းသမားတွေက နာမည်အမှန် မပြောရဲကြတော့ဘူး။ စစ်တပ်က သူတို့မကြိုက်ရင် သူတို့ကို မထောက်ခံရင် သူတို့ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆို သတင်းရေးသားနေရင် ဘယ်သူ့ကိုမဆို ဖမ်းဆီးနေတော့ သတင်းလွတ်လပ်ခွင့်မရှိတာ အားလုံးအသိပါ။ အခုအချိန်မှာ သတင်းလွတ်လပ်ခွင့် မပြောနဲ့၊ ပြည်သူတွေ သတင်းသိရှိပိုင်ခွင့်တောင် လွတ်လွတ်လပ်လပ်မရှိတဲ့ အခြေအနေဆိုတော့ သတင်းရယူဖို့ အရမ်းခက်ခဲတဲ့ အခြေအနေပါ” လို့ ပြောပါတယ်။

သတင်းယူတဲ့အခါ ပြည်သူတွေက အကြောက်တရားတွေနဲ့ဆိုတော့ အမှား၊ အမှန် စိစစ်တဲ့အခါ မပြောရဲတာတွေလည်း ရှိတယ်။ သူတို့ဒေသမှာ မတရားမှုတွေ ဖြစ်နေတာတောင်မှ သတင်းဌာနတွေကို ပြောရဲတဲ့သူ မရှိသလောက်ပါပဲ။ လူတိုင်း အကြောက်တရားက ကြီးစိုးနေတော့ သတင်းယူရတာ မေးမြန်းရတာ အင်မတန်မှ ခက်ခဲသွားပါတယ်။ ဌာနဆိုင်ရာတွေကိုလည်း အရင်က မေးမြန်းလို့ရခဲ့ပေမဲ့ အခုအချိန် ဘာမှပြန်မဖြေတော့ သတင်းအတည်ပြုချက်ရဖို့ပါ ခက်ခဲသွားတဲ့ အခြေအနေပါ။

သတင်းသမား ကိုညီညီ (အမည်လွှဲ)က “အခုအချိန်မှာ အားလုံးရဲ့ပါးစပ်ကို ပိတ်ထားရတဲ့အချိန်ဆိုတော့ လွယ်တော့မလွယ်ဘူးပေါ့။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ လွတ်လပ်စွာ သတင်းယူခွင့်ရှိသည် ဆိုတာကတော့ ပြဒါးတလမ်း၊ သံတလမ်းလို အလှမ်းဝေးနေဦးမှာပါပဲ။ ဒီနိုင်ငံမှာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့် မပြောနဲ့ လွတ်လပ်စွာ အသက်ရှင်ပိုင်ခွင့်တောင်မှ မရှိတဲ့အခြေအနေပါ” လို့  ဆက်လက်ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အားလုံးနဲ့ ကိုက်ညီမှု လုံးဝမရှိတော့တဲ့ အခြေအနေပါ။ အခုဆိုရင် VPN မသုံးရဘူး။ ဖုန်းထဲမှာ VPN တွေ့ရင် ငွေတောင်းတယ်။ ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိ ချမှတ်မယ်ဆိုပြီး ပြည်သူတွေ သတင်းသိရှိပိုင်ခွင့်ကိုပါ ပိတ်ပင်ထားပါတယ်။

သတင်းစီးဆင်းမှုမြန်လေ သူတို့မှာ ထိခိုက်လေလို့ ယူဆတော့ သတင်းသမားတွေကို ပြည်ဖျက်တယ်၊ ဒေါ်လာစားတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဒေါ်လာစားတာ သူတို့တွေ စားနေတာ။ ဒေါ်လာရော၊ ယွမ်ရော၊ ယူရိုရော၊ ကျွန်းသစ်ရော၊ မြေပေါ်မြေအောက် သယံဇာတ အကုန်စားတယ်။ သူတို့ရဲ့ မကောင်းကွက်တွေ၊ သူတို့ရဲ့ လုပ်ရပ်တွေ၊ မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ရွာတွေကို မီးရှို့တာတွေ၊ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်တာတွေ၊ မုဒိမ်းကျင့်တာတွေ စတဲ့အကြောင်းအရာတွေကို ကမ္ဘာ့အလယ်မှာ မသိစေချင်လို့ သတင်းသမားတွေကို နှိပ်ကွပ်နေကြတာပါ။

ပြည်သူတယောက်က “နိုင်ငံတနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်က အရမ်းအရေးကြီးပါတယ်။ သတင်းထောက်တွေ သတင်းဌာနတွေ ဆိုတာ ပြည်သူတွေရဲ့ နားမျက်စိတွေပါ။ သတင်းထောက်တွေ နား၊ မျက်စိ ပွင့်နေမှ ပြည်သူတွေရဲ့ နား၊ မျက်စိတွေလည်း ပွင့်နေမှာဖြစ်လို့ သတင်းလွတ်လပ်ခွင့် ရသင့်ပါတယ်” လို့ ပြောပါတယ်။

ခံယူချက်အရသော်လည်းကောင်း၊ ဝါသနာအရသော်လည်းကောင်း၊ သတင်းမီဒီယာသမားတွေက အရှောင်အတိမ်းများစွာနဲ့ သတင်းအမှန်တွေကို ပေးပို့နေကြပေမဲ့ စာမူခ၊ အင်တာနက်ဖိုး၊ ဆိုင်ကယ်ဆီဖိုး မကာမိသော်လည်း အသက်နဲ့ရင်းနေ၊ လုပ်ကိုင်နေကြရတဲ့ သတင်းသမားများရဲ့ ဘဝကို စာနာနားလည်သူ၊ လေးစားတန်ဖိုးထားသူ အင်မတန်မှ ရှားပါတယ်။

ပြည်တွင်းမှာ အခုအချိန်ထိ သတင်းယူနေတဲ့ သတင်းသမားတယောက်ဖြစ်တဲ့ ကိုရဲ (အမည်လွှဲ) ပြောတာကတော့ “ဒီကာလမှာ သတင်းရင်းမြစ်က တအားရှားသွားတယ်။ ကိုယ်ရတဲ့စာမူခက အင်တာနက်ဖိုးသာသာ ဆိုတော့ သတင်းရင်းမြစ်ကို ဖုန်းဘေလ်လေးတောင် မထောက်ပံ့နိုင်တဲ့ ဘဝပါ။ သူတို့ကလည်း လည်ပင်းကြိုးတင်ဖြေရတာ ဖြစ်သလို ကိုယ်တွေကလည်း လည်ပင်းကြိုးတင် ရေးရတာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ သတင်းယူရတာ အလွန်အန္တရာယ်များပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အတွက် သတင်းထောက်တွေကို ပစ်မှတ်ထား ချေမှုန်းနေတာပါ။ ဒါကြောင့် ပြည်တွင်းက သတင်းသမားတွေအနေနဲ့ ရှင်သန်ရပ်တည်နိုင်ဖို့ အလွန်ခက်ခဲတဲ့ အခြေအနေပါ။

ဒီအထဲမှာ နယ်သတင်းသမားတွေရဲ့ဒုက္ခက ပိုတယ်လို့ နယ်သတင်းထောက်တယောက်ဖြစ်သူ ကိုနေမှူး (အမည်လွှဲ) က အခုလိုပြောပါတယ်။

“၂၀၂၁ စက်တင်ဘာမှာ ည ၁၂ နာရီဝန်းကျင်လောက် အိမ်လာဝိုင်းတယ်။ စစ်သားက ၂၀ လောက်၊ ရဲက ၁၀ ယောက်ဝန်းကျင်။ တိုတိုပြောရရင် သတင်းတပုဒ်မှာ အစရသွားတာ။ သူတို့အလိုရှိတဲ့သူကို ကျနော်က ကုတ်လုပ်မိတာ။ အဲလူက ဘယ်မှာလဲ၊ သူ အဲလိုပြောလားဆိုပြီး တညလုံးထုတာ။ ကျနော်လည်း စကားလျှောချရတယ်။ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတာကို ရေးတာပါလို့။ နောက်တော့ ၅၀၅ နဲ့ အမှုဖွင့်ခါနီးမှာ မြို့မိမြို့ဖတွေကြောင့် ပြန်လွတ်ရတာ၊ ၇ ရက် နေလိုက်ရတယ်” လို့ ပြောပါတယ်။

ကိုနေမှူး (အမည်လွှဲ) ဆက်ပြောတာက “နယ်သတင်းထောက်က ခုမြင်ခုပျောက် လုပ်မရဘူး။ နေအိမ်ကအစ လူတိုင်းနဲ့ သိနေရတာ။ ကိုယ့်ဒေသသတင်း တခြားနေရာက တခြားလူ ရေးတောင် ကိုယ့်ပဲ ယိုးမယ်ဖွဲ့တာ။ အဲတော့ မနေတော့ဘူး ထွက်လာလိုက်တယ်။ မထွက်ရင်လည်း ပြန်အဆွဲခံရမှာ၊ သတင်းကလည်း မရေးဘဲ မနေနိုင်ဘူး” လို့ ဆိုပါတယ်။

အခုအချိန်မှာ သတင်းရေးသားသူထက် ရုပ်သံ ရိုက်ကူးတည်းဖြတ်သူ သတင်းထောက်တယောက် ပြည်တွင်းမှာရှိနေ ထုတ်လုပ်နေလို့ မလွယ်ကူသလို ရုပ်သံသက်သေက စာထက် ပိုတိကျစွာ ပြနိုင်သလို လူမမြင်အောင် ထိုင်ရေးနေလို့လည်း မရပါဘူး။ စွန့်စားလုပ်ကိုင်နေရတဲ့ ပြည်တွင်းသတင်းထောက်တွေအနေနဲ့ စစ်အာဏာရှင် အန္တရာယ်ကြားက သတင်းယူနေရတာ အရမ်းစွန့်စားရတဲ့ လုပ်ရပ်တခုပါ။

လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာ လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းများရယူခွင့် ရှိသည်လို့ ဖော်ပြထားပေမဲ့ မြန်မာနိုင်ငံမှာတော့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး အခုအချိန်အထိ သတင်းသမားပေါင်း ၂၀၆ ဦး အဖမ်းခံရပြီး သေဆုံးသူ ၅ ဦးအထိ ရှိနေတယ်လို့ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် သတင်းထောက်တွေကို ဖမ်းဆီး၊ တရားစွဲ၊ ထောင်ချ၊ သတ်ဖြတ်နေကြပေမဲ့ ပြည်သူတွေ သတင်းမှန်သိရှိနိုင်ဖို့အတွက် သတင်းထောက်တွေကတော့ စတုတ္ထမဏ္ဍိုင်ပီသစွာ သတင်းတွေကို ဆက်လက် ရေးသား/ ရိုက်ကူး/ တင်ဆက်ပေးနေကြဦးမှာ ဖြစ်ကြောင်းပါ။

မင်းသာကီ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024