ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာ ဇူလိုင် ၃ ရက် မနက်က တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးကျလို့ ပြည်သူ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးမြို့၊ ရပ်ကွက် ၁၊ ဗျူဟာလမ်း၊ စစ်တပ်အနီးဘက် သာယာလမ်းသွယ်နားက နေအိမ် ၂ လုံးပေါ် ရှော့တိုက်ဒုံး ကျရောက်ထိမှန်လို့ မိသားစုလိုက် ၄ ဦး သေဆုံးသွားတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
“သာယာလမ်းက အိမ် ၂ အိမ် မှာထိတာ။ အိမ်ပေါ်ကို ကျတာ။ တအိမ်က ၂ ယောက် ထိတယ်။ နောက်တအိမ်က ၄ ယောက် ထိတယ်။ ၆ ယောက်ထဲက ၄ ယောက် သေသွားပြီ။”
ဒီမနက်ပိုင်း ၆ နာရီ၊ ၇ နာရီခန့်က ရှော့တိုက်ဒုံးကျည် ၃ လုံးလောက် ကျကွဲသံကြားတာလို့ သူက ပြောပါတယ်။
အမျိုးသမီးတဦးက “မနက် ၆ နာရီ ၇ နာရီ လောက်ကနေ ဒီ လားရှိုးမှာ ပစ်နေတယ်။ ရှော့တ်ုက်ဒုံးနဲ့ ပစ်ထည့်နေတာ။ ဂျက်လေယာဉ်နဲ့ရော ပစ်နေတယ်။ လေယာဉ်တွေ ဝဲနေတယ်။ ဘယ်ဘက် ပြေးလို့ပြေးရမှန်း မသိဘူး” လို့ ပြောပါတယ်။
ဇူလိုင် ၂ ရက်ည ၁၁ နာရီလောက်ကတည်းက မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
ယာဉ်မောင်းတဦးက “ကားတွေ ရပ်ထားတဲ့ ကွင်းပြင်မှာကို တိုက်ပွဲ ဖြစ်လာတာ။ ဒရုန်းတွေရော လာပစ်တယ်။ ကားတွေတောင် ထိပြီ ထင်တယ်။ ကျနော်တို့တောင် ကုန်ချပြီးကဲ့ဖို့ စောင့်နေတာ။ တအားပစ်လာလို့ ကြောက်ပြီး အစောကြီး ကုန်မချဘဲ ပြန်လှည့်လာရတယ်။ လူတောင် တုန်နေသေးတယ်” လို့ ပြောပါတယ်။
လားရှိုးမြို့ကနေ မိုင်းလီဘက် အထွက် ၆၈ တပ်ရဲ့ တဖက်ကမ်းကရွာက ခရီးသွားကားတွေ ရပ်ထားတဲ့ ကွင်းပြင်မှာ တိုက်ပွဲပြင်းထန်လာတာဖြစ်ပြီး မြို့ထဲ လူအဝင်အထွက်လည်း ပိတ်သွားပြီလို့ သူက ပြောပါတယ်။
လားရှိုးမြို့ ပတ်ပတ်လည်အပြင် လားရှိုး-တန့်ယန်း လမ်းပေါ်ရှိ နမ့်ပေါင်ရွာဘက်မှာလည်း တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုး-နမ့်ပေါင်လမ်းကိုလည်း ပိတ်လိုက်ပြီ ဖြစ်တာကြောင့် လာရှိုးကနေ မိုင်းရယ်ဘက်၊ မန္တလေးဘက် သွားလာလို့ မရသေးဘူးလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ ရှမ်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မိုးကုတ်တွေကိုလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းအဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်နေတာ ဖြစ်ပါတယ်။