Home
မြန်မာသတင်း
ရှမ်းမြောက်တိုက်ပွဲ ၅ ရက်အတွင်း ပြည်သူ ၃၀ သေဆုံး၊ ၁၅၀၀၀ ခန့် စစ်ဘေးရှောင် 
DVB
·
July 2, 2024
သီပေါမှ လက်နက်ကျည်ထိလူနာအား လားရှိုးဆေးရုံသို့ ပို့ဆောင်နေပုံ။ Photo Crd-Shar Htat Paing

ရှမ်းပြည်မြောက်ပိုင်း ၅ မြို့နယ်တွင်း  စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊  ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲကြောင့် ဒေသခံ ၃၀ သေဆုံး၊  ၃၀ ကျော် ဒဏ်ရာရပြီး ၁၅၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့  သျှမ်းလူငယ်အရပ်ဘက်အဖွဲ့အစည်းတွေက ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇွန် ၂၅ ရက်မှ ၃၀ ရက်အထိ ၅ ရက်တာ တိုက်ပွဲကာလအတွင်း ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်နဲ့ သီပေါမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊    လက်နက်ကြီး ပစ်ခတ်မှုနဲ့ တိုက်ပွဲတွေကြား လက်နက် ထိမှန်တာကြောင့်  သျှမ်းလူငယ်အဖွဲ့ကောက်ယူထားတဲ့စာရင်းအရ သေဆုံးသူ အရပ်သား ၃၀ ဦး၊ ဒဏ်ရာရသူ ၃၀ ကျော်၊  ကျောက်မဲမှာ အစုလိုက်အပြုံလိုက်သေဆုံးမှု ၄ မှုရှိပြီး သေဆုံးသူ ၁၈ ဦးရှိကာ ကလေး ၂  ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ 

ကျောက်မဲမြို့မှာ ဇွန် ၃၀ ရက် ည ၁၁ နာရီလောက်ကလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် One Love ဟိုတယ်အပါအဝင် အနီးနားဝန်းကျင် နေအိမ် ၂၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်။ 

အထက်ပါ ထိခိုက်ပျက်စီး သေဆုံးဒဏ်ရာရစာရင်းတွေဟာ သျှမ်းလူငယ်အဖွဲ့ရဲ့ လက်လှမ်း မီသလောက် ကောက်ယူရရှိတဲ့ စာရင်းသာဖြစ်ကြောင်း၊ ပြည်သူတချို့ဟာ တောတောင်ထဲ ထွက်ပြးတိမ်းရှောင်နေရတယ်၊ ဒါပေမဲ့  အင်တာနက်လိုင်း ပြတ်တောက်တာကြောင့် မြေပြင်အချက်အလက်ရရှိဖို့ ခက်ခဲပြီး မြေပြင်ထိခိုက်မှု ပိုများနိုင်တယ်လို့ ဆိုပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေပတ်လည်ဝိုင်းနေပြီး ထိတွေ့ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားနေတဲ့ သီပေါမြို့မှာ စစ်ကောင်စီတပ်က မြို့အဝင်အထွက်လမ်းတွေပိတ်ထားပြီး ပြည်သူတွေကို ဘယ်မှ ထွက်ခွာခွင့်မပြုဘဲ လူသားတံတိုင်းလုပ်နေကြောင်း၊ ရေလမ်းခရီးသွားရတဲ့ စက်လှေဆိပ်ကို လည်း  ဇွန် ၂၉ ကစပြီး ရဲတပ်ဖွဲ့က စောင့်ကြပ်ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တပ်ထဲကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ သီပေါ‌ဒေသခံတွေ အကြောက်တရားနဲ့ နေနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲနေတဲ့ စစ်ကောင်စီကို  သျှမ်းလူငယ်အဖွဲ့အနေနဲ့ အပြင်းအထန် ကန့်ကွက်ကြောင်း၊ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း အရပ်သားကိုအထိ အခိုက်နည်းစေတဲ့ နည်းလမ်းနဲ့ တော်လှန်စစ်ဆင်နွှဲဖို့ အကြံပြုကြောင်း၊ ဒေသခံပြည်သူတွေဟာ အကူအညီများစွာ လိုအပ်နေတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဒေသခံတော် လှန်ရေးတပ်ဖွဲ့နဲ့ စစ်ဘေးကင်းလွတ်ဒေသနေ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သမျှကူညီ ပေးကြဖို့ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားပါတယ်။ 

သျှမ်းလူငယ်အဖွဲ့မှ ထုတ်ပြန်ချက်ထုတ်အပြီး မွန်းလွဲပိုင်းမှာ ကျောက်မဲမြို့ ရပ်ကွက် ၈ အမက ၉ ကျောင်းနား လက်နက်ကျည်ကျပြီး ပြည်သူ ၃ ဦး သေဆုံးသွားခဲ့တယ်။ သူတို့အလောင်းတွေကို နမ့်ခုံးရှမ်းများပရဟိတအသင်း ကျောက်မဲအသင်းခွဲက အေးချမ်းသာသုသာန်ကို ပို့ဆောင်သင်္ဂြုလ်ပေးခဲ့တယ်လို့ ပရဟိတလူမှုကွန်ရက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင်  ည ၆ နာရီခွဲလောက်မှာလည်း သီပေါမြို့ စံဖိတ်ကွက်သစ်ထဲ လက်နက်ကြီးကျပြီး ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရသွားပြီး ဒဏ်ရာပြင်းထန်သူ ၂ ဦးအား ဒီနေ့မနက် လားရှိုးဆေးရုံကို ပို့ပေးခဲ့တယ်လို့  နယ်စည်းမခြားပရဟိတ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။ 

Source # Tai Students' Union / Tai Youth Yangon 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013