မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ် ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ပိုင် Alpha ဘိလပ်မြေစက်ရုံအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန် ဖြစ်ပွားနေလို့ ဒေသခံရွာသားတွေ ထွက်ပြေးနေကြရပါတယ်။
ဘိလပ်မြေစက်ရုံထဲမှာ တပ်စွဲထားတဲ့ စစ်သားတွေထဲက ရွာတွေကို စစ်ကြောင်းထိုးနေတဲ့အဖွဲ့နဲ့ PDF တပ်တွေနဲ့ ဇွန် ၂၇ ရက်နေ့ကတည်းကစတင် တိုက်ပွဲဖြစ်နေတာ ၄ ရက်ကျော်လာပါပြီ ဖြစ်ပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက “သူတို့ဘက်က တိုက်ပွဲဖြစ်တဲ့နေရာကို စက်ရုံထဲကနေ လက်နက်ကြီးပစ်ကူပေးနေပြီး လေယာဥ်နဲ့ပါ ဗုံးကြဲနေတယ်။ နှစ်ဖက်ထိခိုက်မှုကတော့ ပြောမရသေးပါဘူး။ တိုက်ပွဲက အခုထိဖြစ်နေတုန်းပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်နေတဲ့အပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ ကျောက်တံတားကျေးရွာသားတဦးက “PDF နဲ့ စစ်တပ်တို့ ၂၇ ရက်နေ့ကတည်းက တိုက်ပွဲစဖြစ်ကြတာ။ ပြင်းပြင်းထန်ထန်ပါပဲ။ ကျနော်တို့လည်း သူတို့ တိုက်ပွဲတွေဖြစ်တဲ့နေ့ကတည်းက ထွက်ပြေးလာကြတာ။ ပတ်ချာလည် ရွာတွေထဲကလူ အကုန်ပါပဲ။ ပစ္စည်းလေးတွေကတော့ တနိုင်ပဲ သယ်ခဲ့ရတာပေါ့။ လူတွေအသက်ရှင်ဖို့ အရေးကြီးတယ်။ ဒီကြားထဲက သေသွားတော့လည်း ဘယ်တတ်နိုင်မလဲ” လို့ ပြောပါတယ်။
Alpha ဘိလပ်မြေစက်ရုံထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက အနီးအနားက ကျေးရွာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်နေလို့ အောင်ချမ်းသာ၊ ထုံးဘို၊ ကျောက်တံတားနဲ့ အောင်သပြေ စတဲ့ အနီးအနားကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတာလို့ သိရပါတယ်။
အောင်သပြေကျေးရွာကနေ ထွက်ပြေးလာသူတဦးက “ကျနော်တို့ရွာထဲကို ဗုံးသီးကျပေါက်တယ်။ အိမ်တွေ မီးလောင်ကုန်တာတော့ မီးခိုးထွက်လာတာမြင်လို့ သိရတာပါ။ လူတွေထိခိုက်တာ ရှိ မရှိကတော့ မသိရသေးဘူး။ ကျနော်တို့လည်း ပြေးလာကြတာ ရွာလုံးကျွတ်ပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ မေ ၂ ရက်ကလည်း ဝသုန္ဒရကျေးရွာအနီးရှိ Alpha ဘိလပ်မြေစက်ရုံအဝင် ကွန်ကရစ်လမ်းထိပ်က စစ်ကောင်စီတပ်သားတွေရှိနေတဲ့ စစ်ဆေးရေးဂိတ်ကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါသေးတယ်။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာလည်း လက်ဝဲကျေးရွာကို ဇွန် ၂၈ ရက် မနက် ၇ နာရီ၀န်းကျင်မှာ စစ်ကောင်စီစစ်ကြောင်း၀င်ရောက်ပြီး လူနေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ဒေသခံလက်ဝဲကျေးရွာသားတဦးက “စစ်သားတွေရွာထဲကိုမလာခင် လက်နက်ကြီးတွေနဲ့ ၇ ချက် ၈ ချက်လောက်ထုပြီးမှ ရွာထဲ၀င်လာကြတာ အင်အား ၄၀ ကျော် ၅၀ နီးပါးတော့ရှိမယ်။ အဖိုးတန်ပစ္စည်းတွေလုသွားတယ်။ ၁၁ နာရီလောက် သူတို့ပြန်ထွက်သွားတော့ အိမ် ၅ လုံးကို မီးရှို့သွားလို့ မီးလောင်ပျက်စီးသွားတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ရှပ်ထိတဲ့အတွက် လက်ဝဲကျေးရွာသားတဦး ခြေထောက်မှာဒဏ်ရာရတဲ့အတွက် ဆေးကုသမှုခံယူနေရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ဇွန် ၂၈ ရက် မနက်စောပိုင်းက ကား ၂ စီးနဲ့ နွားထိုးကြီးမြို့နယ်၊ လက်သမားကန်ကျေးရွာကို ဝင်ရောက်လာပြီး အနီးအနားကကျေးရွာတွေဆီကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ လက်သမားကန်ကျေးရွာကနေ လက်ဝဲကျေးရွာကို ၀င်ရောက်လာတာဖြစ်ပြီး ပစ္စည်းတွေလုယက်၊ နေအိမ်တွေမီးရှို့ကာ ကန်ဆင့်မြောက်ကျေးရွာဘက်ကို ပြန်လည်ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြင်းခြံမြို့နယ် ပကဖ တာ၀န်ခံတဦးက “ညနေ ၃ နာရီလောက်မှာ ကန်ဆင့်မြောက်ရွာကနေထွက်လာတဲ့ စစ်ကြောင်းကို လမ်းကနေကြား ဖြတ်မိုင်းဆွဲလိုက်လို့ ၅ ယောက်သေပြီး ဒဏ်ရာရတဲ့သူတွေလည်းများတယ်။ သေတဲ့ကောင်တွေနဲ့ ဒဏ်ရာရတဲ့ ကောင်တွေကို ကားနဲ့တင်ပြီး မြင်းခြံက သူတို့တပ်ထဲပြန်၀င်သွားပြီလို့သိရတယ်” လို့ ပြောဆိုပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မြင်းခြံမြို့နယ် ပကဖ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း နဲ့ ကိုစွန်ရဲ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။