ဘိုလီးဗီးယားနိုင်ငံရဲ့ ထိပ်တန်းစစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဟွမ်န်ဟိုဆေး ဇူနီဂါ ဦးဆောင်ပြီး မအောင်မြင်တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်မှု သို့မဟုတ် ကြိုတင်သိရှိမှု တစုံတရာမရှိကြောင်း ဘိုလီးဗီးယားသမ္မတ လူးဝစ်စ် အာဆေးက ဇွန် ၂၇ ရက်မှာ ပြောပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဇူနီဂါဟာ သူ့ကို သမ္မတ အာဆေးက သူ့နာမည်ကျော်ကြားမှု ပိုကြီးမားအောင် အကူအညီပေးဖို့ တောင်းဆိုခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။
သမ္မတ အာဆေးဟာ တိုင်းပြည်တွင်း ပဋိပက္ခတွေကို ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ သူ့ကို သံချပ်ကာကားတွေကို စီစဉ်ထားဖို့ ၃ ရက် ကြိုတင်ခွင့်ပြုချက်ပေးခဲ့တာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဇူနီဂါက ရဲတပ်ဖွဲ့ကို ပြောခဲ့တယ်လို့ Fides ပြည်တွင်းသတင်းဌာနက ဖော်ပြထားပါတယ်။
သမ္မတ အာဆေး ကတော့ ဒါတွေကို ဇူနီဂါက သူ့သဘောနဲ့သူ လုပ်ဆောင်ခဲ့တာလို့ ပြောကြားခဲ့ပြီး ဖြစ်ပျက်နေတဲ့ကိစ္စတွေကို သိရှိပြီးနောက်မှာ သူဟာ မဟာမိတ်ဟောင်းကနေ နိုင်ငံရေးပြိုင်ဘက်ဖြစ်လာတဲ့ သမ္မတဟောင်း အီဗိုမိုရာလက်စ်ဆီ သတိပေး အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။
သမ္မတ အာဆေးက“ပထမအချက်က ဗိုလ်ချုပ်ကြီး ဇူနီဂါဟာ သူစွပ်စွဲထားတဲ့ အချက်အလက်တွေကို လုံးဝမပေးခဲ့ကြောင်းနဲ့ သူ တပ်ဖွဲ့တွေ စီစဉ်နေရာချတာတွေကိုလည်း အသိမပေးခဲ့ကြောင်း၊ သူ့ကိုပေးထားတဲ့ အမိန့်တွေကို မလိုက်နာခဲ့ကြောင်း” ပြောပါတယ်။
ဘိုလီးဗီးယားသမ္မတ လူးဝစ်စ် အာဆေးဟာ ဇွန် ၂၆ ရက်က အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဇူနီဂါနဲ့ ထိပ်တိုက်တွေ့နေကြတဲ့ အခိုက်အတန့်ကို မျက်မြင်သက်သေတွေက ရိုက်ကူးထားပါတယ်။
ဗီဒီယိုထဲမှာ သမ္မတ အာဆေးက “ငါက သူတို့ရဲ့ခေါင်းဆောင်ပဲ။ ဒါကြောင့် အမိန့်ကို ပြန်ရုပ်သိမ်းပြီး တပ်ဖွဲ့တွေကို စစ်တန်းလျားတွေဆီ ပြန်ခေါ်သွားဖို့” ဗိုလ်ချုပ်ကြီးဟောင်းကို အမိန့်ပေးခဲ့တာကိုလည်း ကြားနေရပါတယ်။
ဘိုလီးဗီးယားပြည်သူတွေအပေါ် ဗိုလ်ချုပ်ကြီး လုပ်နေတာတွေကို ခွင့်မပြုကြောင်းနဲ့ စစ်တပ်ရဲ့အမိန့်ကို လေးစားရင်၊ စစ်သူရဲကောင်းတယောက်သာ ဖြစ်ရင် ခုပဲ တပ်ဖွဲ့တွေကို ပြန်ဆုတ်ခိုင်းလိုက်ပါလို့ အမိန့်ပေးခဲ့တာပါ။ ဒါပေမဲ့ ဇူနီဂါက ငြင်းဆန်ခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာရှိ တခြားအမျိုးသားတွေ၊ အမျိုးသမီးတွေကလည်း စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း၊ ဒီမိုကရေစီကို တိုက်ခိုက်မှုကို အလိုမရှိကြောင်း ဝိုင်းပြောခဲ့ကြပါတယ်။
ရိုက်တာသတင်းဌာနဟာ ဗီဒီယိုမှာ မြင်တွေ့ရသူတွေကို ဘိုလီးဗီးယားသမ္မတ လူးဝစ်စ် အာဆေးနဲ့ ဘိုလီးဗီးယားဗိုလ်ချုပ်ကြီး ဟွမ်န်ဟိုဆေး ဇူနီဂါတို့ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို မေလကတည်းက စီစဉ်ခဲ့တာ ဖြစ်ကြောင်း ဘိုလီးဗီယန်း အစိုးရဝန်ကြီး အက်ဒွာဒို ဒယ်လ်ကက်စ်တီးလိုက ပြောပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဇူနီဂါနဲ့အတူ ရေတပ်ဦးစီးမှူးဟောင်း ဟွမ်န် အာနက်ဇ် ဆာဗေဒိုး ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးရေးရဲ့ ရလဒ်အနေနဲ့ နိုင်ငံတော်ပိုင်နက်အတွင်း အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ အခုချိန်အထိ စုစုပေါင်း လူ ၁၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းနဲ့ နောက်ထပ် “ပါဝင်ပတ်သတ်ခဲ့သူ အများအပြား” ရှိကြောင်းလည်း ပြောဆိုသွားပါတယ်။
Source-Reuters