Home
မြန်မာသတင်း
ကော့ကရိတ်- မြဝတီလမ်းကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်တွင် တပ်သားသစ်များ ပါဝင်
DVB
·
June 25, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီးကို  စစ်ကောင်စီတပ်ဘက်က ထိုးဖောက်ဖို့ကြိုးစားနေရာမှာ ထင်သလောက်မထိုး ဖောက်နိုင်သေးကြောင်းတဲ့ စစ်ကောင်စီတပ်မှာ စစ်မှုထမ်းဥပဒေအရ ခေါ်ယူသင်တန်းပေးထားတဲ့ တပ်သားသစ်တွေပါ  ပါဝင်လာတယ်လို့  နဂါးဖြူစစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူးက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့  နိုင်ငံအဆင့် အောင်ဇေယျ စစ်ဆင်ရေးနဲ့  စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက်  KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

ဧပြီ ၁၂ ရက်က စတင်ကာ စစ်ကောင်စီစစ်ကြောင်းတွေဟာ  ၂ လနီးပါးကြာမြင့်လာတဲ့အထိ အာရှလမ်းမကြီးအပါအဝင် ဒေါနတောင်ကို မထိုးဖောက်နိုင်‌ပဲရှိနေပါတယ်။  ဇွန် ၂၁ ရက် ည ၁၀ နာရီခွဲ လောက်က ထပ်မံထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားလာတာကြောင့်  KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ တန်ပြန်ထိုးစစ်ကို ခံခဲ့ရပါတယ်။

နဂါးဖြူစစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူး ဗိုလ်ဆံရှည်က “ မထိုးဖောက်နိုင်ဘူးဆိုတာ သူတို့မှာ အင်အား ဘာမှမရှိတာ။ အခုဆိုရင် အသစ် (စစ်မှုထမ်းတပ်သားသစ်) တော်တော်များများပါတယ်။ အဲဒါကြောင့် သူတို့ရည်ရွယ်သလောက် မပေါက်နိုင်ဘူး။ သူတို့ထင်သလို ဘယ်လိုမှဖြစ်မှာ မဟုတ်ဘူး။ ဟိုကလိုက်‌ခြောက် ဒီကလိုက်ခြောက် လက်နက်ကြီးနဲ့ပစ်။ ဒရုန်းပျံပြ။ ဒီလောက်ပဲသွားနေတဲ့အခါကျတော့ သူတို့မျှော်လင့်ထားသလောက် ဘယ်ဖြစ်လာမလဲ”လို့ ပြောပါတယ်။

ဒါ့အပြင် အာရှလမ်းမကြီးနဲ့ ဒေါနတောင်အနီးက ကျေးရွာတွေကို လေကြောင်းကနေ ကင်းထောက် ပျံသန်းပြီး မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတိုက်ခိုက်တာတွေ နေ့တိုင်းလိုလို လုပ်ဆောင်နေပါတယ်။ တော်လှန်ရေးမှာ မိုးတွင်းတွေ သတ်မှတ်နေလို့မရဘဲ မြန်မြန်အပင်ပန်းခံ ဒုက္ခခံမှ ရည်မှန်းချက်တခုကို ရောက်နိုင်မယ်လို့ နဂါးဖြူစစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူးက သုံးသပ် ပြောဆိုပါတယ်။

“တော်လှန်ရေးမှာ မိုးတွင်းတွေ သတ်မှတ်နေလို့မရဘူး။ ကျနော်တို့ လုပ်ရမယ့်အလုပ်က လုပ်ရမှာပဲ။ ဒီအချိန်မှာ ကျနော်တို့က အပင်ပန်းခံရမယ်။ အခုချိန်မှာ ကျနော်တို့က မြန်မြန်အပင်ပန်းခံ ဒုက္ခခံမှ ဒီအချိန်မှာ တက်ညီလက်ညီနဲ့ ထိထိရောက်ရောက်လုပ်မယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ တိုက်ကတ်တစ်ခုကိုရောက်မယ်။”

ဧပြီ ၂၇ ရက်က စတင်ပြီး ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူခဲ့သလို တဖက်မှာလည်း စစ်ကောင်စီတပ်ဘက်က နေ့ တိုင်းလိုလို လက်နက်ကြီးပစ်ခတ်နေတဲ့အပြင် ကော့ကရိတ်မြို့တွင်းကတဆင့် လူ လက်နက်ခဲယမ်း ဖြည့်တင်းနေတယ်လို့  မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တန်ပြန်ထိုးစစ်ဆင်ဖို့ KNU လက်အောက်ခံတပ်ဖွဲ့တွေကို အင်အားဖြည့်တင်းထားပြီး စစ်ရေးပြင်ဆင်နေတာတွေ ရှိပါတယ်။

ကော့ကရိတ်မြို့တွင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာရင် စစ်ကောင်စီက အရပ်သားတွေကို ခုတုံးလုပ်ပြီး နိုင်ငံတကာမှာ သတင်းမှားဖြန့်ဝေနိုင်ဖို့ စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ခိုင်းတာလို့ ပြည်လည်ဝင်ရောက်နေထိုင်သူတွေက ပြောပါတယ်။

ကော့ကရိတ်မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်သူတဦးက “နယ်မြေမတည်ငြိမ်မအေးချမ်းပဲ ပြန်လည်နေထိုင်ဖို့ခေါ်တာက မဖြစ်သင့်ဘူး။ လူသားတံတိုင်းလုပ်တဲ့ပုံစံမျိုးဖြစ်နေတယ်။  တဖက်တပ်ပေါင်းစုတွေဘက်က တိုက်ခိုက်လာရင် ခုတုံးလုပ်ဖို့။ နိုင်ငံတကာမှာ အရပ်သားပြည်သူတွေကို ထိခိုက်အောင် လုပ်တယ်။ အရပ်သားပစ်မှတ်တွေမှ တိုင်းရင်းသားလက်နက်ကိုင်တွေ ပစ်တယ်ဆိုတဲ့ သတင်းမျိုး အချက်အလက်မျိုး အကြောင်းအရာမျိုး တဖက်ကနေဖန်းတီးတယ်လို ယူဆလို့ရတယ်။ ပြောလို့ရတယ်”လို့ ပြောပါတယ်။

မေ ၂၈ ရက်က ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီး တဦး နေအိမ်ခြံဝင်းအတွင်း မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက်ပြတ်ထွက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်ကစတင်တဲ့ တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ ၂၀ ကျော်ထိမှန် သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူတွေရဲ့နေအိမ် ၅၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ကာ နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့တဲ့အပြင် သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ  ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

 အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013