စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ်ရဲ့ ကစားပုံကို လေ့လာသင်ယူခဲ့ကြောင်း အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ပြောသွားပါတယ်။
ဘီဘီစီကတင်ဆက်တဲ့ ယူရိုပြိုင်ပွဲသုံးသပ်ချက်အစီအစဉ်မှာ ဝိန်းရွန်းနီက ဂယ်ရီလိုင်နီကာ၊ အလန်ရှီးယား၊ ဖာဘရီဂတ်စ်တို့နဲ့အတူ သုံးသပ်တင်ဆက်ခဲ့တာပါ။
မန်ယူအသင်းမှာရှိစဉ်က နောက်ချန်တိုက်စစ်မှူးအဖြစ် ကစားခဲ့ရပြီး ကွင်းလယ်အထိဆင်းပြီး ဘောလုံးရယူဖို့ လိုအပ်ခဲ့တာကြောင့် ဖာဘရီဂတ်စ်ရဲ့ ဘောလုံးပေးပို့ပုံတွေက ဗီဒီယိုဖိုင်တွေကနေတဆင့် လေ့လာသင်ယူခဲ့ကြောင်း ရွန်းနီက ပြောပါတယ်။
ရွန်းနီက လေ့လာသင်ယူခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုမူအပေါ် ဖာဘရီဂတ်စ်က အံ့အားသင့်ခဲ့ကြောင်း ပြန်လည်ပြောပါတယ်။
အဲဒီအချိန်က တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီနဲ့ တွဲဖက်ကစားနေရတာဖြစ်လို့ ဗန်ပါစီနဲ့ အတွဲညီညီ ခြေစွမ်းပြခဲ့တဲ့ ဖာဘရီဂတ်စ်လို ကစားနိုင်ဖို့ သင်ယူခဲ့တာဖြစ်တယ်လို့ ရွန်းနီက ပြောပါတယ်။
ဖာဘရီဂတ်စ်ကတော့ တွဲဖက်ကစားခဲ့သမျှ တိုက်စစ်မှူးတွေထဲမှာ ဗန်ပါစီက အဆုံးသတ်အကောင်းဆုံး ဖြစ်တယ်လို့ မှတ်ချက်ပေးသွားပါတယ်။