စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ဘေးရှောင်တွေနဲ့ စားဝတ်နေရေး ကျပ်တည်းတဲ့ မိသားစုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျပ်သိန်း ၁,၆၀၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ဘေးရှောင်တွေက DVB ကို ပြောပါတယ်။
ဇွန် ၂၁ ရက် ဒီနေ့မနက်မှာ NGO အဖွဲ့တွေ၊ NUG ရဲ့ မြို့နယ်ပအဖနဲ့ ရပ်ကျေးပအဖက ဦးဆောင်ပြီး စစ်ဘေးရှောင်နဲ့ ရပ်ရွာအိမ်ထောင်စု ၅၁၂ စုအတွက် အိမ်ထောင်စုတစုကို ၃၃၀,၀၀၀ ကျပ်နှုန်းနဲ့ သိန်း ၁၆၈,၉၆၀,၀၀၀ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
သွားရောက်လှူဒါန်းရာမှာ ပါဝင်ခဲ့တဲ့ ကလေးမြို့နယ် ပအဖ တာဝန်ရှိသူတဦးက “ပထမအခေါက်တော့ စစ်ဘေးရှောင်သီးသန့် လှူခဲ့တာပေါ့နော်။ အခုတခေါက်မှာတော့ စစ်ဘေးရှောင်ကတော့ အများစုပေါ့လေ၊ မသန်စွန်းမိသားစုတွေနဲ့ စားဝတ်နေရေး အဆင်မပြေတဲ့ မိသားစုတွေကိုလည်း ထည့်သွင်းလှူဒါန်း ခွဲဝေပေးဖြစ်ခဲ့တယ်။ ကျနော်တို့ နောက်ထပ် စစ်ရှောင်တွေကို လှူဒါန်းဖို့ တင်ပြထားတာတွေလည်း ရှိပါတယ်။ အဲ့အတွက် မရသေးတဲ့ စစ်ရှောင်တွေလည်း ရအောင်စီစဉ်ပေးနေပါတယ်” လို့ ပြောပါတယ်။
လက်ရှိ ကလေးမြို့နယ်မှာလည်း တိုက်ပွဲတွေဆက်ရှိနေသလို စစ်ဘေးရှောင်တွေ တိုးလာတာနဲ့အမျှ အကူအညီတွေ ဆက်လက်လိုအပ်နေဆဲ ဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦးက “NUG အနေနဲ့ အခုလိုလှူဒါန်းပေးတော့ ကျနော်တို့လည်း တာဝန်နည်းနည်း ပေါ့သွားတာပေါ့လို့ ပြောရမယ်။ ဒါမဟုတ်ရင် စစ်ဘေးရှောင်အရေးနဲ့ ပတ်သက်ရင် ကျနော်တို့ချည်း ဖြစ်နေတယ်။ တောင်ပိုင်းပြေးလိုက်၊ မြောက်ပိုင်းပြေးလိုက် လိုင်းပေါ်အလှူခံလိုက်နဲ့၊ လိုအပ်သူတွေ အကူအညီရတာ ကျေးဇူးလည်းတင်ပါတယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ရှိနေသလို မြို့နယ် တောင်ပိုင်းမှာတော့ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ကျော် နေထိုင်တယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေရဲ့ စစ်တမ်းအရ သိရပါတယ်။