နှစ်နိုင်ငံ အလိုရှိနေတဲ့ တရားခံပြေးတွေကို ကူညီစုံစမ်းဖမ်းဆီး၊ လွှဲပြောင်းပေးရေးအတွက် ဇွန် ၁၈ ရက် မနက်က ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ရေးရာကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ တာချီလိတ်တပ်နယ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ 1G1-ဟိုတယ်မှာ ဇွန် ၁၈ ရက် မနက်က ပြုလုပ်တဲ့ ထိုင်း- မြန်မာ နှစ်နိုင်ငံ နယ်စပ်ရေးရာကော်မတီအစည်းအဝေးမှာ နှစ်ဖက်တာဝန်ရှိသူတွေက သဘောတူခဲ့တာလို့ ဆိုပါတယ်။
"တပ်ဘက်က ခလရ ၁၃၃ က တပ်ရင်းမှူးတက်တယ်။ ဌာနဆိုင်ရာရော၊ ထိုင်းဘက်က ကျောက်တာ့ခ် လှုပ်ရှားတပ်ဖွဲ့၊ ဗျူဟာမှူးနဲ့အဖွဲ့တက်တယ်။ အွန်လိုင်းလိမ်လည်မှုကိစွ ထိုင်း-မြန်မာ နှစ်နိုင်ငံ တရားခံပြေးတွေ ကူညီဖမ်းဆီးပေးဖို့ သဘောတူကြတယ်" လို့ တာချီလိတ်တပ်နယ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
အဆိုပါအစည်းအဝေးကို မြန်မာဘက်က အမှတ် ၁၃၃ ခြေလျင်တပ်ရင်းမှ ဒုဗိုလ်မှူးကြီး အောင်လင်းဦးနဲ့ ဌာနဆိုင်ရာအဖွဲ့တွေ၊ ထိုင်းနိုင်ငံဘက်မှ ကျောက်တာ့ခ်လှုပ်ရှားတပ်ဖွဲ့၊ ဗျူဟာမှူး ဗိုလ်မှူးကြီး နထီးထင်း(မ်)စိန်ဦးစီးတဲ့ အဖွဲ့ဝင်တွေ တက်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး၊ ကုန်သွယ်စီးဆင်းမှု ချောမွေ့စေရေး၊ မြန်မာဘက်မှ ဖမ်းဆီးရမိတဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းပြုလုပ်သူ ထိုင်းနိုင်ငံသား ၁၅၄ ဦး ကို ပြန်လည်လွှဲပြောင်းပေးဖို့နဲ့ နှစ်နိုင်ငံမှ အလိုရှိနေတဲ့ နယ်စပ်ဖြတ်ကျော် တရားခံပြေးတွေကို ကူညီစုံစမ်း ဖမ်းဆီး လွှဲပြောင်းပေးရေး ကိစွတွေကို ဆွေးနွေးကြတယ်လို့ အစည်းအဝေးတက်ခဲ့တဲ့ အုပ်ချုပ်ရေးနဲ့နီးစပ်တဦးက ပြောပါတယ်။
"အရင်နှစ်က အခုလို နှစ်နိုင်ငံ တရားခံပြေး ဖမ်းဆီးရေး ကိစွမပါဘူး၊ ဒီနှစ်ပါလာတော့ ထူးခြားတယ်။ ထိုင်းဘက်က မြန်မာဘက်က ဖမ်းထားတဲ့ အွန်လိုင်းလိမ်လည်မှုကိစ္စ တပ်နဲ့သီးသန့်ဆွေးနွေးတာလည်းရှိတယ်။”
ထိုင်း-မြန်မာနယ်စပ်ရေးရာကော်မတီအစည်းအဝေးကို တာချီလိတ်မြို့နယ် G1G ဟိုတယ်မှာ နှစ်စဥ် ဇွန် ၁၉ ရက်နေ့ ပြုလုပ်တာဖြစ်ပါတယ်။