Home
ဆောင်းပါး
အမျိုးသမီးတွေဟာ ရာသီဥတုဘေးဒဏ်ကြောင့် အမျိုးသားတွေထက် သေဆုံးနိုင်ခြေ ၁၄ ဆ ပိုများ
DVB
·
June 20, 2024
ArticleLily_20062024

ရာသီဥတုနဲ့ဆက်စပ်တဲ့ သဘာဝဘေးအန္တရာယ်‌တွေ ဒါမှမဟုတ် ဇီဝမျိုးစုံမျိုးကွဲတွေ ဆုံးရှုံးခြင်းလို ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို တွေးတဲ့အခါ လူတွေဟာ ကျား၊ မ ရေးရာကို မစဉ်းစားတတ်ကြပါဘူး။ မဆိုင်ဘူးလို့လည်း တွေးတတ်ကြပါသေးတယ်။

ဒါပေမဲ့ တိုးပွားလာတဲ့ အထောက်အထားတွေအရ အမျိုးသမီးတွေနဲ့ ကျား-မ ကွဲပြားတဲ့ လူတွေဟာ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ သက်ရောက်တဲ့ အကျိုးဆက်တွေကို အချိုးမညီမျှစွာဘဲ ခုခံနိုင်စွမ်း မရှိကြပါဘူး။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ရာသီဥတုဖောက်ပြန်မှု ဘေးအန္တရာယ်ကြောင့် သေဆုံးနိုင်ခြေ ၁၄ ဆ ပိုများပါတယ်။ အမျိုးသမီးတွေဟာ ပြင်းထန်တဲ့ ရာသီဥတုကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ ရေကြီးခြင်းလို ပြင်းထန်တဲ့ ရာသီဥတု ဖြစ်ရပ်တွေဟာ လူတိုင်းကို ညီတူညီမျှ အကျိုးသက်ရောက်မှု ရှိပုံရ‌ပေမဲ့ လူမှုရေးအရ ဘေးဖယ်ခံထားရတဲ့လူတွေဟာ ပိုမိုဆိုးရွားတဲ့ သက်ရောက်မှုတွေကို ခံစားနေကြရပါတယ်။

အမျိုးသမီးတွေဟာ နဂိုရှိရင်းစွဲ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အားနည်းချက်တွေကို တွေ့ကြုံနေရတာကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်း‌တွေက ပြင်းထန်စွာ သက်ရောက်မှု ရှိပါတယ်။ နောက်တချက်ကတော့ ကလေးတွေ ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေလို တခြား ထိခိုက်လွယ်တဲ့ အုပ်စုတွေကို ပြုစုစောင့်ရှောက်ဖို့ သူတို့မှာ တာဝန်ရှိပါတယ်။

လေ့လာမှုပေါင်း ၁၃၀ ရဲ့ မက်တာ ခွဲခြမ်းစိတ်ဖြာမှုမှာ အမျိုးသမီး ၆၈ ရာခိုင်နှုန်းဟာ အမျိုးသားတွေထက် ရာသီဥတုနဲ့ ဆက်နွှယ်တဲ့ ကျန်းမာရေးပြဿနာတွေဟာ ပိုမိုအကျိုးသက်ရောက်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် အပူလွန်ကဲခြင်းလို ရာသီဥတုဖောက်ပြန်မှု အန္တရာယ်တွေကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ မီးဖွားပြီးစ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါ့အပြင် အသက်ကြီးတဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးကတော့ ဩစတြေးလျနဲ့ ကမ္ဘာတဝန်းက လေ့လာမှုတွေအရ ဘေးအန္တရာယ်များ ဖြစ်နေစဉ်အတွင်းနဲ့ ဖြစ်ပြီးနောက် ကျား-မ အခြေပြု အကြမ်းဖက်မှုတွေဟာ တသမတ်တည်း တိုးလာကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုအနေနဲ့ အိမ်ရာနဲ့ နေထိုင်မှု အပေါ်မှာလည်း ကျား၊ မ ခွဲခြားမှုနဲ့ ကြုံတွေ့နေရပါတယ်။ ရာသီဥတုကောင်စီဟာ ၂၀၃၀ ခုနှစ်မှာ ဩစတြေးလျက လူ ၂၅ ယောက်မှာ ၁ ယောက်ဟာ နေထိုင်ဖို့ရာ “အန္တရာယ်မြင့်မား”ပြီး အာမခံမှု မရနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ လူနေမှုစရိတ်များ မြင့်တက်လာခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ အာမခံထားမှုမရှိတဲ့ အိမ်ရာတွေ အထူးသဖြင့် စားနပ်ရိက္ခာဖူလုံမှုနဲ့ အမိုးအကာများ ဆုံးရှုံးရနိုင်ခြေရှိတဲ့ သြစတြေးလျ အမျိုးသမီးတွေအပေါ် သက်ရောက်မှုရှိပါတယ်။

၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အတွင်း အမျိုးသားတွေရဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မှုဟာ ၁ ဒသမ ၆ ရာခိုင်နှုန်း တိုးလာပြီး အမျိုးသမီးတွေကတော့ ၁၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့ပါတယ်။ ဩစတြေးလျ အိမ်ရာအကျပ်အတည်းတွေဟာ ရာသီဥတု အကျပ်အတည်းကြောင့် ပိုမိုဆိုးရွားနေပြီး အဆိုပါ သက်ရောက်မှုတွေကလည်း ကျား မ ကွဲပြားပါတယ်။

ခေါင်းဆောင်မှုက ရလဒ်များကို ဖြစ်ပေါ်စေပါတယ်။

သုတေသနတွေဟာ အမျိုးသမီး ကျား၊ မ ကွဲပြားသူ‌တွေရဲ့ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာမှာ အရေးကြီးတဲ့ ရှုထောင့်‌တွေနဲ့ ခေါင်းဆောင်မှုကို ယူဆောင်လာတယ် ဆိုတာကို ဖော်ပြနေပါတယ်။

နိုင်ငံရေးနဲ့ မူဝါဒချမှတ်ခြင်းတွေမှာ အမျိုးသမီးအရေအတွက် ပိုများလာခြင်းဟာ ပိုမိုအားကောင်းတဲ့ ရာသီဥတုဆိုင်ရာ မူဝါဒများ၊ ပိုမိုရည်မှန်းချက်ကြီးတဲ့ ရာသီဥတုဆိုင်ရာ ပစ်မှတ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေကို ပိုမိုလိုလားတဲ့ ရလဒ်တွေ ဖြစ်လာစေပါတယ်။ ဒါပေမဲ့လည်း ၂၀၂၃ ခုနှစ် COP28 ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲမှာ ဟောပြောသူ ၁၄၀ မှာ ၁၅ ယောက်သာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ပါတီကိုယ်စားလှယ်အဖွဲ့ဝင် ၃၈ ရာခိုင်နှုန်းကသာ အမျိုးသမီးတွေ ဖြစ်ပါတယ်။

လုပ်ငန်းခေါင်းဆောင်မှုမှာ ကျား မ ကွဲပြားမှုကလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ပေးပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်မှ သုတေသနပြုချက်အရ ကုမ္ပဏီတခုရှိ အမျိုးသမီးမန်နေဂျာများ ၁ ရာခိုင်နှုန်း တိုးလာခြင်းကြောင့် ကာဗွန်ထုတ်လွှတ်မှု ၀ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း သိရပါတယ်။ ပိုမိုမြင့်မားတဲ့ ကျား မ ကွဲပြားမှုရှိတဲ့ ဘုတ်အဖွဲ့တွေမှာ Environmental, Social and Governance (ESG) စွမ်းဆောင်ရည် အစီအမံတွေဟာ မြင့်မားတဲ့ရမှတ်များ ရရှိကြပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားစွဲဆိုမှု နည်းပါးပါတယ်။

ဘုတ်အဖွဲ့ဝင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ကုမ္ပဏီတွေဟာ ပိုမိုကောင်းမွန်တဲ့ ရာသီဥတု အုပ်ချုပ်မှု၊ ရာသီဥတု ဆန်းသစ်မှုနဲ့ ရေရှည်တည်တံ့မှု စွမ်းဆောင်ရည်တို့ကို ပြသကြပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လုပ်ငန်းတွေမှာလည်း အမျိုးသမီး‌တွေနဲ့ ကျား မ ကွဲပြားသူတွေဟာ လူနည်းစုဖြစ်ပါတယ်။ သန့်ရှင်းတဲ့ စွမ်းအင်လုပ်သားအင်အားရဲ့ ၃၅ ရာခိုင်နှုန်းခန့်ကသာ အမျိုးသမီး‌တွေ ဖြစ်ပါတယ်။ ဒီအမျိုးသမီးတွေဟာလည်း အရောင်းအဝယ် အရည်အချင်းပြည့်မီတဲ့ ရာထူး ဒါမှမဟုတ် အင်ဂျင်နီယာရာထူးတွေထက် ရုံးအုပ်ချုပ်ရေး၊ စာရင်းကိုင်နဲ့ သန့်ရှင်းရေး စတဲ့ အလုပ်တွေက အများစုဖြစ်နေပါတယ်။

မကြာသေးမီက ဩစတြေးလျပြည်ထောင်စုဘတ်ဂျက်မှာ အစိုးရက အမျိုးသမီးများရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း အစီအစဉ်တခု တည်ဆောက်ဖို့အတွက် ဒေါ်လာ ၅၅ ဒသမ ၆ သန်းကို ကြေညာခဲ့ပါတယ်။ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာ (STEM) ပညာရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ မတူကွဲပြားမှု‌တွေကို တိုးမြှင့်ဖို့ ဒေါ်လာ ၃၈ ဒသမ ၂ သန်းကိုလည်း ကတိပြုခဲ့ပါတယ်။ ဒါတွေက ကြိုဆိုရမယ့် တိုးတက်မှုတွေပါပဲ။

ဒါပေမဲ့ ကျား မ ပါဝင်မှုနဲ့ သာတူညီမျှမှုတို့ကို Future Made in Australia Plan နဲ့ Net Zero Plan တို့လို အဓိက အစပျိုးမှုတွေမှာ ဗဟိုပြုဖို့ လိုအပ်ပါတယ်။ ‌ဒါဟာ အရေးပေါ် ရာသီဥတုပြောင်းလဲမှု လျော့ပါးရေး ရည်မှန်းချက်များ အောင်မြင်စေဖို့နဲ့ ဆက်စပ်စီးပွားရေး အကျိုးကျေးဇူးတွေဟာ အမှန်တကယ် ပါဝင်ကြောင်း သေချာစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

ဒီပြဿနာတွေကို လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ နက်ရှိုင်းတဲ့ လူမှုရေးပြောင်းလဲမှု လိုအပ်မှာ ဖြစ်ပါတယ်။ ဒါဟာ အမျိုးသမီးများ ခေါင်းဆောင်မှုရာထူးနေရာ များများရဖို့ နေရာပေးရုံမျှမကဘဲ ကျား မ လူမှုရေးနဲ့ စီးပွားရေး မညီမျှမှုတွေက ခွဲခြားဆက်ဆံတတ်တဲ့ ကျား မ ရေးရာ သဘောထားတွေကြောင့် ဖြစ်ရတဲ့အချက်ကို ဆုပ်ကိုင်ထားဖို့ လိုအပ်ပြီး အမျိုးသမီးတွေနဲ့ ကျား မ ကွဲပြားသူတွေဟာ ပတ်ဝန်းကျင်ထိခိုက်မှုဒဏ်ကို ခံနိုင်ရည် ရှိစေပါတယ်။ ဒါ့အပြင် အမျိုးသမီးများ လုပ်ဆောင်လေ့ရှိတဲ့ အခကြေးငွေမရတဲ့ စောင့်ရှောက်မှုတွေဟာ စနစ်တကျဖြစ်ပြီး တန်ဖိုးနည်းပေမဲ့လည်း လူသားတွေရဲ့ စီးပွားရေး၊ လူ့အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင်အတွက် အခြေခံဖြစ်ပါတယ်။

ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးကို လှုံ့ဆော်ပေးခြင်း

အမျိုးသမီးတွေဟာ ရာသီဥတုဒဏ်ခံ ဘေးအန္တရာယ်တွေက ကြိုတင်ပြင်ဆင်ခြင်းနဲ့ ပြန်လည်ထူထောင်ရာမှာလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

သုတေသနပြုချက်များအရ အမျိုးသမီးတွေဟာ လူမှုအသိုင်းအဝိုင်းအတွင်း စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်နွှယ်မှုဆိုင်ရာ အခန်းကဏ္ဍတွေမှာ ပါဝင်ကြပြီး ဒေသအဆင့် စောင့်ရှောက်မှု ကွန်ရက်များကိုလည်း ပံ့ပိုးပေးကြပါတယ်။ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး မူဝါဒတွေနဲ့ အေဂျင်စီတွေဟာ ရပ်ရွာခံနိုင်ရည်ရှိခြင်း လုပ်ငန်းရဲ့ ကျား မ သဘာဝကို အသိအမှတ်ပြုပြီး ဒီလို “ဒြပ်မဲ့အခြေခံအဆောက်အအုံ” မျိုးကို တမင်တကာ ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။

ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေဟာ အားလုံးကို ညီတူညီမျှ သက်ရောက်မှု မရှိပါဘူး။ အမျိုးသမီးတွေနဲ့ ကျား မ ကွဲပြားသူတွေအပေါ် ပြင်းထန်စွာ ထိခိုက်စေပါတယ်။ ဒီအားနည်းချက်ကို အသိအမှတ်ပြုတဲ့ ပစ်မှတ်ထားမူဝါဒ တုံ့ပြန်မှုတွေ လိုအပ်ပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲ စီးပွားရေးစနစ်ကို လျင်မြန်စွာ ကူးပြောင်းလိုပါက ဒီချဉ်းကပ်မှုတွေဟာ အရေးတကြီး လိုအပ်ပါတယ်။

ရာသီဥတုပြောင်းလဲမှုရဲ့ လိင်ပိုင်းဆိုင်ရာ သက်ရောက်မှုကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဆင့်မှာ ကောင်းစွာ အသိအမှတ်ပြုထားပါတယ်။ သြစတြေးလျဟာ ပစိဖိတ် အိမ်နီးချင်းတွေနဲ့ ၂၀၂၆ ခုနှစ်မှာ COP31 ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရည်ရွယ်ထားပါတယ်။ အကောင်အထည်ဖော်လုပ်ဆောင်ဖို့ အတွက် သြစတြေးလျဟာ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ‌တွေကို အသိအမှတ်ပြုပြီး ကျား မ သဘာဝကို အလေးအနက်ထားကာ လက်တွေ့ပြသဖို့ လိုအပ်ပါတယ်။

Source: The conversation 

ဘာသာပြန် -လီလီ

Photo- Reuters

(The conversation ဝက်ဆိုက်မှာ Tasmania တက္ကသိုလ်မှ သုတေသီ ဆောင်းပါးရှင်   ဒေါက်တာ Carla Pascoe Leahy ရေးသားထားသည့်  “Women are 14 times more likely to die in a climate disaster than men. It’s just one way climate change is gendered” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။ )

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013