ရခိုင်ပြည်နယ်အတွင်းမှာ မြို့တွင်းတိုက်ပွဲတွေ မဖော်ဆောင်ကြဖို့ စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ဇွန် ၁၈ ရက်မှာ ထုတ်ပြန် တိုက်တွန်းပါတယ်။
မြို့သိမ်းတိုက်ပွဲတွေဖြစ်နေတဲ့ မောင်တော၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်နေ ပြည်သူတွေအတွက် ဘေးကင်းလုံခြုံဖို့ကို တောင်းဆိုထားပြီး မြို့တွင်းတိုက်ပွဲတွေ ဖြစ်ပွားနေမှုကြောင့် ALP အနေနဲ့ စိတ်မချမ်းသာ ဖြစ်နေရတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် မြို့သိမ်းတိုက်ပွဲဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တို့က ပြည်သူတွေမှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ မိုးရာသီအတွင်း နေစရာမရှိ စားစရာမရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ALP က ပြောထားပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ခေါင်းဆောင်နဲ့ မကြာခဏသွားရောက် တွေ့ဆုံ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေ မလုပ်ကြဖို့ ပြောဆိုနေတာဟာ ALP အနေနဲ့ ရခိုင်ပြည်သူတွေ ဘဝကို ကိုယ်ချင်းစာပြီး ပြောဆိုတာမဟုတ်ဘဲ စစ်ကောင်စီနဲ့ သူတို့ရဲ့ အနာဂတ်ကို တွေးပူပြီး ပြောဆိုတာသာ ဖြစ်တယ်လို့ ရခိုင်က နိုင်ငံရေးသမားတဦးက ပြောပါတယ်။
“ရခိုင်ပြည်အတွင်း စစ်ရှိန်မြင့်တက်နေချိန်မှာ ALP က မြို့သိမ်းတိုက်ပွဲတွေ၊ မြို့တွင်းတိုက်ပွဲတွေကို မပြုလုပ်ဖို့ ပြောနေတာက ရခိုင်ပြည်သူတွေရဲ့ ဘဝကိုစာနာလို့ ပြောတာလို့ ကျနော်မထင်ဘူး။ အဓိကတော့ စစ်ကောင်စီနဲ့ သူတို့ ဌာနချုပ် အခြေစိုက်ထားတဲ့ စစ်တွေကို AA က ဝင်တိုက်မှာကို တွေးပူပြီး ပြောဆိုတာဖြစ်နိုင်တယ်။ နောက် သူတို့ရဲ့ မိတ်ဆွေကြီး စစ်ကောင်စီ ရှုံးနိမ့်နေမှုကို ကြည့်ပြီး သူတို့ တော်တော်လည်း ပူဆွေးနေတာကြောင့် အခုလို စစ်မတိုက်ကြဖို့ ထုတ်ပြန်လာတာဖြစ်နိုင်တယ်။”
ရခိုင်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တွေမြို့အတွင်းမှာ ALP က စစ်ကောင်စီနဲ့ ပြောင်ကျကျ ပူးပေါင်းနေသလို ဗျိုင်းဖြူကျေးရွာအတွင်း အရပ်သား ၇၆ ဦးသတ်ဖြတ်မှုမှာ စစ်ကောင်စီနဲ့ အတူ ALP တပ်ဖွဲ့ဝင်တွေပါ ပါဝင်ခဲ့တယ်လို့လည်း AA နဲ့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား မောင်တော၊ တောင်ကုတ်နဲ့ သံတွဲမြို့အနီးတွေမှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေပါတယ်။