Home
မြန်မာသတင်း
ရခိုင်နှင့် စစ်ကိုင်းတွင် အရပ်သားများအပေါ် အကြမ်းဖက်မှု ကုလအကြီးအကဲ  အလွန်စိုးရိမ် 
DVB
·
June 7, 2024
Photo- UN Press

ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ လတ်တလောတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ နိုင်ငံတဝန်း အကြမ်းဖက်မှုတွေ တိုးလာနေတဲ့အပေါ် အလွန်အမင်း စိုးရိမ်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောလိုက်ပါတယ်။

ဇွန် ၆ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံအနောက်ဘက်ခြမ်းက ရခိုင်တိုင်းရင်းသားတွေကို ပစ်မှတ်ထားတဲ့ နောက်ဆုံးဖြစ်ရပ်နဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ဆက်လက်ဖြစ်ပွားနေတာတွေက လူမှုအသိုင်းအဝိုင်းအားလုံးရဲ့ အကာအကွယ်လိုအပ်မှုကို မီးမောင်းထိုးပြနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အရပ်သားတွေကိုပါ ခွဲခြားဆက်ဆံမှုမရှိတဲ့ လေကြောင်းဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နိုင်ငံတဝန်း ဒေသအနှံ့အပြားမှာ ဆက်လက်ပြီးတော့ ဖြစ်ပွားနေတာတွေအတွက် တာဝန်ရှိတဲ့သူတွေကို အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ရမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့အညီ အရပ်သားတွေကို အကာအကွယ်ပေးရေးကို ဦးစားပေးလုပ်ဆောင်ဖို့နဲ့ လူမျိုးရေး တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားစေရေးအတွက် လှုံ့ဆော်မှု တွေကို တားဆီးဖို့ ပဋိပက္ခမှာ ပါဝင်သူအားလုံးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က  တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်း ယိုယွင်းပျက်စီးနေတဲ့ အခြေအနေတွေရဲ့ ကျယ်ပြန့်လာနေတဲ့ ဒေသဆိုင်ရာ အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း အလွန်စိုးရိမ်မိကြောင်းနဲ့ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ တစုတစည်းတည်း ချဉ်းကပ်မှုပြုလုပ်ကြဖို့ ပန်ကြားချက်ကို ထပ်လောင်းပြောလိုက်ပါတယ်။

အသစ်ခန့်အပ်ထားတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ပ်ကိုလည်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထောက်ခံအားပေးကြဖို့ လည်း ကုလအကြီးအကဲက တိုက်တွန်းထားပါတယ်။

Source -UN Press

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013