Home
ဆောင်းပါး
မြေမြှုပ်မိုင်းကြောင့် ခြေတဖက်ဆုံးရှုံးခဲ့ရတဲ့ ကချင် စစ်ဘေးရှောင်တဦး
DVB
·
June 7, 2024
မြေမြှုပ်မိုင်းဒဏ်ခံခဲ့ရသည့် ကချင်စစ်ဘေးရှောင် ဦးဇော်လွန်း။ (Photo-DVB)

အသက် ၆၀ အရွယ် ဦးဇော်လွန်းဟာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီး ဂျေယန် စစ်ရှောင်စခန်းမှာ နေလာတာ ၁၀ နှစ်ကျော်ပါပြီ။

စစ်ရှောင်စခန်းမှာ စားဝတ်နေရေး ခက်ခဲတာကြောင့် တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီး မိသားစုကို ကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီး ဖခင်တဦးဖြစ်ပါတယ်။

၂၀၂၂၊ ၂ လပိုင်း ၂၂ ရက်နေ့ မနက်ပိုင်းမှာ မူလနေရပ်ဖြစ်တဲ့ ရွတ်ဂျယ်ရွာအနီးမှာ တောင်ယာသွားဖို့အသွား လမ်းမှာ မိုင်းနင်းမိတာ ဖြစ်ပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ညာဘက်ခြေထောက် ဒူးအောက်ထိ ဒဏ်ရာရသွားခဲ့ပါတယ်။

မိုင်းနင်းမိခဲ့တဲ့နေ့က သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးကြီးနဲ့ ပတ်သက်လို့  ဦးဇော်လွန်းက အခုလို ပြန်ပြောင်း ပြောပြပါတယ်။

“စစ်ရှောင်စခန်းမှာလည်း နေလာတာ ကြာပြီဆိုတော့ ကိုယ်ဒေသကို ပြန်လို့ရတဲ့သူတွေပြန်၊ ပြန်လို့မရသေးတဲ့သူတွေက တောင်ယာတွေ လယ်ယာတွေ သွားလုပ်လို့ရရင် သွားလုပ်ကြမယ် ဆိုပြီး တောင်ယာသွားခုတ်ကြတာ၊ တပတ်စာ အစားအသောက်တွေယူပြီး သွားလုပ်တာ၊ အဲမှာ တောင်ယာခတ်တာတောင် အတော်ပြီးပြီ၊ အရင်ကလည်း ဖြတ်နေကြနေရာပဲ၊ တခြားသူတွေကော ဖြတ်သွားဖြတ်လာ လုပ်နေတာ၊ အရင် ရွာဟောင်းကနေ တောင်ယာကို သွားတဲ့ လမ်းပေါ်မှာပဲ၊ အဲနားက ဝါးရုံပင်နားမှာ မိုင်းတွေရှိတယ်ဆိုပြီး ကွင်းပြီး သွားကြတာ၊ အဲမှာ နင်းမိတာ၊ ဗုန်း ဆိုပြီး နားတွေအူပြီး ကြည့်လိုက်တော့ ခြေဖဝါးမရှိတော့ဘူး၊ အသံကြားပြီး ချက်ချင်းတော့ မနာသလိုဘဲ၊ အဲမှာ ကျနော်က မပြတ်တဲ့ခြေထောက် ညာဘက်ကလည်း အရင်တည်းက မကောင်းဘူး ပြောရမယ်၊ ဒူးအကွေးအကောက် လုပ်တဲ့နေရာက ထိပ်မထောက်နိုင်ဘူး၊ အဲတော့ တဖက်ကလည်း ဒူးကမကောင်း၊ တဖက်ကလည်း မိုင်းထိဆိုတော့ ချက်ချင်းပဲ ငါ့ဘဝက သွားပြီဆိုပြီး အဲမှာ ချက်ချင်း စိုးရိမ်တာကော၊ ကြောက်တာကော ဖြစ်သွားတယ်။”

ဦးဇော်လွန်းတယောက် မိုင်းနင်းမိတဲ့ ဒဏ်ရာနဲ့ လိုင်ဇာဆေးရုံမှာ ဆေးကုသမှုခံယူပြီး နောက်တော့ ဒူးအောက်ပိုင်းကို ဖြတ်လိုက်ရပါတယ်။ ဆေးရုံဆင်းပြီး သုံးလအကြာမှာတော့ ခြေတုတပ်ခွင့် ရပါတယ်။

ဦးဇော်လွန်းဟာ ခြေတုတပ်ဆင်ထားပေမဲ့လည်း နေ့စဥ်ဘဝဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဦးဇော်လွန်းက“ခြေထောက်ဖြတ်လိုက်ရတော့ အလုပ်ကြမ်းလုပ်လို့ မရတော့ဘူးပေါ့။ အဲတုန်းက ခုတ်ထားတဲ့ တောင်ယာလည်း ဆက်မခုတ်နိုင်တော့ဘူး။ သွားလာတာလည်း အရမ်းခက်တယ်။ ခြေတု မတပ်ခင်တုန်းကဆို အိမ်သာတောင် သွားထိုင်လို့ အဆင်မပြေ။ အိမ်ကလူတွေအကူနဲ့ပဲ အိမ်သာသွားရတာ။ ခြေထောက်မရှိတော့ အလုပ်လုပ်လို့မရလို့ သားသမီးတွေ ကျွေးတာပဲ စားနေရတယ်။ အရင်ကတော့ ကျပန်းတွေ ရသလောက်လုပ်ပြီး ဝင်ငွေရှိသေးတယ်။ တောင်ယာလုပ်လည်း အဆင်ပြေသေးတယ်။ အခုက မရတော့ဘူး” လို့ ပြောပါတယ်။

ကံဆိုးမှုတွေကြုံခဲ့ရတဲ့ ဦးဇော်လွန်းရဲ့အဖြစ်ဟာ ကချင်ပြည်နယ်တွင်းမှာ  ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ်တဲ့ မြေမြှုပ်မိုင်း သက်ရောက်မှုတွေကို မီးမောင်းထိုးပြနေပါတယ်။

တိုက်ပွဲများ ရပ်စဲသွားတဲ့အချိန် ရောက်ခဲ့ရင်တောင် စစ်ပွဲအကြွင်းအကျန်တွေဟာ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်ကြသူတွေရဲ့ ဘေးကင်းရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှာပါ။

“ကျနော်တို့ရွာ ရွတ်ဂျတ်ရွာက အရင် ၂၀၁၁ လောက်တည်းက တိုက်ပွဲတွေဖြစ်တဲ့ နေရာဆိုတော့ စစ်တပ်ရောက်လိုက်၊ KIA ရောက်လိုက်ပဲ။ ဘယ်သူတွေ ထောင်ထားလို့ ထောင်ထားမှန်း မသိဘူး၊ မိုင်းတွေက အများကြီးဆိုတော့။ တိုက်ပွဲဖြစ်တော့ အဲလိုမိုင်းတွေက ဆက်ရှိနေဦးမှာပဲ။ ထောင်ပြီးရင်တော့ ပြန်ဖြုတ်ဖို့က ခက်သွားပြီ။ ပြန်ဖြုတ်ရင်လည်း အားလုံးက ဖြုတ်ချင်မှ ဖြုတ်နိုင်မှာ။ အဲလိုဆိုတော့ တချို့တလေက ကျန်သွားမှာပဲ။ အဲလို ကျန်ထားတဲ့မိုင်းတွေ ပြည်သူတွေက ပြန်နင်းရင် ဆုံးရှုံးရတာတွေက အများကြီးပဲ” လို့ ဦးဇော်လွန်းက ပြောပါတယ်။

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ ဖြစ်ရပ်တွေကို လတ်တလောစောင့်ကြည့်လေ့လာချက်တွေအရ အခု ၂၀၂၄ ခုနှစ် ပထမ သုံးလတာကာလအတွင်းမှာပဲ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ထိခိုက်ခံစားရသူအရေအတွက်  ၃၃၉ ဦး ရှိခဲ့တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဇွန် ၅ ရက်က ထုတ်ပြန်ထားပါတယ်။

ဒေသအလိုက်အနေနဲ့ ရှမ်းပြည်နယ်မှာ ထိခိုက်ခံစားရသူအရေအတွက် အများဆုံးဖြစ်ပြီး အရေအတွက်စုစုပေါင်းရဲ့ လေးပုံတပုံဖြစ်တဲ့ ၂၅ ရာခိုင်နှုန်းရှိကာ စစ်ကိုင်းတိုင်းမှာ ၁၉ ရာခိုင်နှုန်း၊ ပဲခူးတိုင်းမှာ ၁၂ ရာခိုင်နှုန်းနဲ့ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ တနင်္သာရီနဲ့ ရန်ကုန် အပါအဝင် ကျန်ဒေသတွေမှာ ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်းရဲ့  ၄၃ ရာခိုင်နှုန်းရှိပါတယ် ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်းရဲ့   ၂၉ ရာခိုင်နှုန်းဟာ ကလေးတွေဖြစ်ကြပါတယ်။

UNICEF ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ပထမ သုံးလအတွင်းမြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ထိခိုက်ခံစားရသူအရေအတွက်  ၃၃၉ ဦး ၊ ၂၀၂၃ ခုနှစ် အတွင်းမှာ ၁၀၅၂ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၃၉၀ ဦးနဲ့  ၂၀၂၁ ခုနှစ်မှာ  ၂၈၄ ဦး ရှိခဲ့တဲ့အတွက် စစ်တပ်အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း ထိခိုက်ခံစားရသူပေါင်း အယောက် ၂၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးနှုန်း အများဆုံးနိုင်ငံတွေထဲ မြန်မာနိုင်ငံက ၅ နိုင်ငံမြောက်နေရာမှာရှိနေပြီး လက်ရှိနိုင်ငံတဝန်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက် မြင့်တက်လာတာနဲ့အမျှ မြေမြှုပ်မိုင်းတွေရဲ့ ဒဏ်ကို ဦးဇော်လွန်းတို့လို အပြစ်မဲ့ အရပ်သားပြည်သူလူထုတွေ  ပိုမိုထိခိုက် ခံစားလာရဖို့ပဲ ရှိနေပါတယ်။

ဖိုးကျော်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024