Home
မြန်မာသတင်း
စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်အား မဖြစ်မနေသင်ရန် စစ်ကောင်စီ အမိန့်ထုတ်
DVB
·
June 4, 2024

အခြေခံပညာကျောင်းတွေမှာ တွဲဖက်ဘာသာရပ်ဖြစ်တဲ့ စာရိတ္တနဲ့ ပြည်သူ့နီတိဘာသာရပ်ကို မဖြစ်မနေ သင်ဖို့အတွက် စစ်ကောင်စီပညာရေးဌာနက အမိန့်ထုတ်ထားတယ်လို့ ပညာရေးအသိုက်အဝန်းက သိရပါတယ်။

ဧပြီလက ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က အခြေခံပညာကျောင်းတွေမှာ စာရိတ္တနဲ့ ပြည်သူ့နီတိဘာသာရပ်ကို သင်ကြားဖို့အတွက် ပြောဆိုခဲ့တာကြောင့် အခုပညာသင်နှစ်မှာ အတန်းချိန် ခွဲဝေသတ်မှတ်ချက်တွေအတိုင်း အဲဒီဘာသာရပ်တွေကို သင်ဖို့အတွက် မေလ ကျောင်းအပ်ရက်မတိုင်မီက ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ 

ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ အရာရှိတဦးက “ကျောင်းစဖွင့်ရင် သင်လိမ့်မယ်။ အဲဒီဘာသာရပ်တွေက စာမေးပွဲနဲ့ပတ်သက်ရင် သိပ်အရေးမပါတော့ နှစ်လယ်လောက်မှာ အဓိကသင်ရိုးတွေ သင်ဖို့ ကျန်နေရင် အဲဒီဘာသာရပ်အချိန်တွေကို အဓိက ဘာသာရပ်တွေပဲ သင်ကြမှာ။ အမိန့်ထုတ်လည်း အပိုပါပဲ”လို့ ပြောပါတယ်။

အဆိုပါ ဘာသာရပ်တွေကို အနာဂတ်မှာ နိုင်ငံတာဝန်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်မယ့် လူငယ်တွေ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ အလေ့အကျင့်နဲ့ အကျင့်စရိုက်ရှိတဲ့ လူငယ်တွေ မွေးထုတ်ဖို့ စစ်ခေါင်းဆောင်ကမှာ ကြားခဲ့တာကြောင့် မဖြစ်မနေ သင်ကြားခိုင်းတာလို့ ပညာရေးဌာနရဲ့ ညွှန်ကြားချက်အရ သိရပါတယ်။

ပညာရေးမှူးရုံး အရာရှိက “ကျနော်တို့ ငယ်ငယ်ကလိုပါပဲ၊ ဆရာမတွေက သူတို့ သင်ရမယ့် သင်ရိုးက အချိန်ဇယား သတ်မှတ်ထားတဲ့အချိန်အတိုင်း အရမ်းနောက်ကျနေပြီဆိုရင် ကာယအချိန်တို့၊ အဲဒီလိုဘာသာရပ်တွေရဲ့ အချိန်ယူပြီး သင်ကြတာ ထုံးစံပါပဲ။ သင်ရင်လည်း အချိန်ပြည့်အောင် သင်တာမျိုးလည်း မဟုတ်ဘူး။ သင်နေတုန်း မြန်မာစာဆရာမက သူ့ကို အချိန်လေးနည်းနည်း ခွဲပေးဖို့ လာပြောရင် မြန်မာစာဘက် ပြောင်းရတာပါပဲ” လို့ ဆက်ပြောပါတယ်။

၁၉၆၆ ခုနှစ်မှာ အခြေခံပညာရေးဥပဒေကို ပြုပြင်ရေးဆွဲမှုအရ သူငယ်တန်းက‌နေ ဒသမတန်းအထိ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) သင်ရိုး မာတိကာတွေမှာ ပြည်သူ့နီတိ ဘာသာရပ် လုံးဝမပါဝင်တော့ဘဲ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ အခြေခံပညာသင်ရိုးညွှန်းတမ်းနဲ့ မာတိကာတွေ ရေးဆွဲပြီး ကျောင်းသင်ဘာသာရပ်အသီးသီးကို သတ်မှတ်ပြဋ္ဌာန်းကာ အခြေခံပညာမူလတန်းအဆင့် ပထမတန်း၊ ဒုတိယတန်းနဲ့ တတိယတန်းတို့မှာ စာရိတ္တနှင့်ပြည်သူ့နီတိ ဘာသာရပ်ကို သင်ကြားဖို့ လုပ်ဆောင်ခဲ့ပါတယ်။

အခုအခါ အဓိကဘာသာရပ်တွေအပြင် ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယ၊ ဂီတ၊ ပန်းချီတို့ကို သင်ဖို့ ထည့်သွင်းပြဋ္ဌာန်းထားပေမဲ့ အဲ့ဒီအချိန်တွေဟာ အခြေခံပညာကျောင်းတွေအပြင် ပုဂ္ဂလိကကျောင်းတွေလည်း မသင်ကြဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013