Home
မြန်မာသတင်း
မွန်-ကရင်အစပ်နှင့် ကလေးမြို့တွင် စစ်တပ် လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ
DVB
·
June 3, 2024

မွန်-ကရင်အစပ်မှာ စစ်ကောင်စီတပ်က မေလအတွင်း လက်နက်ကြီး ပစ်ခတ်မှု ၄ ကြိမ်၊ ဒရုန်း နဲ့ တိုက်ခိုက်မှု တကြိမ်ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တွေ ပျက်စီးခဲ့သလို တော်လှန်ရေးတပ်တပ်ဖွဲ့ဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိတယ်လို့ ဂဠုန်စစ်ကြောင်းက ဇွန် ၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မွန်-ကရင်အစပ်ရှိ ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တင့်ကားကနေ မေ ၅ ရက် ည ၉နာရီလောက်က ၁၅၀ မမ နဲ့ပစ်ခတ်ခဲ့တာကြောင့် မင်းရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်တလုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

မေ ၁၆ ရက်နေ့ ည ၁၀ နာရီခွဲကလည်း ဂျိုင်းမြစ်အတွင်းရေတပ်သ‌င်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုရားကြီးကုန်း ဇီးဖြူစုကနေ ရွှေ့ပြောင်း အလုပ်သမားသားအမိကို ထိမှန်ခဲ့ပြီး မိခင်ဖြစ်သူက နေရာမှာပဲသေဆုံးခဲ့ပြီး သမီးဖြစ်သူက ဆေးကုသရင်း သေဆုံးခဲ့ပါတယ်။

မေ ၂၆ ရက် မနက် ၁၁ နာရီခွဲလောက်မှာလည်း စစ်ကောင်စီက ကော့ဒွန်း‌-ကော့ပနာလမ်းဆုံကို ၆၀ မမနဲ့ တိုက်ခိုက်ခဲ့သလို နေ့လယ် ၂ နာရီခွဲမှာလည်း ကျိုက်မရောမြို့နယ်အတွင်း ကျေးရွာတွေကို ၁၅၀ မမနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။

မေ ၃၁ ရက် မနက် ၂ နာရီကျော်မှာ ကျိုက်မရောမြို့နယ် ကော့ပနာလမ်းဆုံဂိတ်ကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် Lion Battalion စစ်ကြောင်းက ရဲဘော် ၂ ဦးနဲ့ အနီးနားက ပြည်သူတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တလုံးနဲ့ ကားတစီး ပျက်စီးခဲ့ပါတယ်။

ဂဠုန်စစ်ကြောင်းပြန်ကြားရေးတာဝန်ခံက “မေလတလအတွင်းမှာ မွန်-ကရင်အစပ်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရွာ ၃ ရွာကို စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ၅ ကြိမ် တိုက်ခိုက်ခဲ့တယ်။ ပြည်သူ ၂ ဦးသေပြီး ၂ ဦးဒဏ်ရာရတယ်။ ရဲဘော်တွေ ဒဏ်ရာရရှိမှုတွေရှိသလို ပြည်သူပိုင်နေအိမ်တွေ ပစ္စည်းတွေလည်း ထိခိုက်မှုရှိခဲ့တယ်” လို့ ပြောပါတယ်။

ဂဠုန်စစ်ကြောင်းနဲ့ ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ရဲဘော်တွေအနေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိပေမဲ့ တော်လှန်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဂဠုန်စစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။

မွန်-ကရင်အစပ်မှာ မတ်လကစပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် ပြည်သူ ၃၀ ထက်မနည်းသေဆုံးထားပြီး လူ ၅၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရတယ်လို့ မွန်ဖက်ဒရယ်ကောင်စီစရင်းအရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားရွာ အမှတ် ၂ ရပ်ကွက်မှာ ဇွန် ၂ ရက်‌ ည ၁၁ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တင်သားရွာခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကြံသာရွာကနေ အရပ်သားပြည်သူနေထိုင်တဲ့ တင်သားရွာဘက်ကို ၁၂၀ မမ လက်နက်ကြီးနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်လက်နက်ကြီးကြောင့် အသက် ၆၀ ဝန်းကျင်အရွယ် ဦးမောင်သားနဲ့ မြေးတော်စပ်သူ အသက် ၁၃ နှစ်အရွယ် မခိုင်ခိုင်မြင့်တို့ မြေးအဘိုးဟာ ‌ပေါင်၊ လက်၊ ခြေထောက် စတဲ့နေရာတွေမှာ ဒဏ်ရာရရှိခဲ့ကြတာပါ။

မိသားစုဝင်တဦးက “ည ၁၀ နာရီ ၄၅ လောက်က ဖြစ်သွားတာ။ လက်နက်ကြီးက သရက်ပင်မှန်တာ၊ သရက်ပင်ကနေတဆင့် အိမ်ကို ထောက်ဆင့်မှန်တာကနေ လက်နက်ကြီးစတွေစင်ပြီး ဒဏ်ရာရကြတာ။ ဦးမောင်သား ကတော့ ဒဏ်ရာများတယ်။ ခြေထောက်တွေ၊ လက်တွေ၊ ပေါင်တွေမှာ၊ ပေါင်ဆို အချက် ၄၀ ချုပ်လိုက်ရတယ်။ ဒဏ်ရာများပေမဲ့ အသက်အန္တရာယ်တော့ မရှိပါဘူး။ ခိုင်မြင့် ကတော့ လက်မှာပဲ ဒဏ်ရာရသွားတာ” လို့ ပြောပါတယ်။

စစ်တပ်လက်နက်ကြီးကြောင့် ဒဏ်ရာရရှိသူတွေကို ညတွင်းချင်း ဆေးရုံပို့ဆောင်ကြရပြီး လက်ရှိမှာ ဒဏ်ရာရသူတွေဟာ ‌NUG လက်အောက်ခံ ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေကြရပါတယ်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်လေ့ မရှိပါဘူး။

မေ ၂၉ ရက် ညကလည်း စစ်ကောင်စီလက်နက်ကြီးကြောင့် တင်သားရွာ အမှတ် ၄ ရပ်ကွက်က ဒေသခံ ၄ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သေးတယ်လို့ တင်သားရွာခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၃၁ ရက်အထိ ၃ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၅,၁၇၃ ဦး သေဆုံးထားကြောင်း ‌ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013