Home
မြန်မာသတင်း
လေးမျက်နှာမြို့တွင် စစ်တပ်က အမျိုးသား ၄ ဦးကို PDF ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီး
DVB
·
June 3, 2024
Photo - Min Min

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ တော်လှန်ရေးတပ် PDF တွေကို ထောက်ပံ့ပေးနေတယ် စွပ်စွဲပြီး အရပ်သား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရပ်သား အမျိုးသား ၄ ဦးကို ဇွန် ၂ ရက်မှာ စစ်ကောင်စီတပ်က အင်အား ၂၀ လောက်နဲ့ လာဖမ်းဆီးပြီး လက်ရှိမှာ ဟင်္သာတစစ်ကြောရေးကို ခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။

လေးမျက်နှာမြို့ခံတယောက်က “အဖမ်းခံရသူတွေက လေးမျက်နှာမြို့ပေါ်မှာ နေကြတဲ့သူတွေချည်းပဲ။ အသက် ၂၀ ကျော်အရွယ် ကိုငြိမ်းချမ်းသူ တယောက် အပါအဝင် ၄ ယောက် အဖမ်းခံရတာလို့ သိရတယ်။ ကျန် ၃ ယောက်ကလည်း အသက် ၁၉ နဲ့ ၂၀ လောက် အရွယ်တွေပဲ။ သက်သက် စွပ်စွဲအဖမ်းခံရတာ။ အေးအေးဆေးဆေးနေတဲ့ လူငယ်တွေပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဒီနေ့အထိတော့ ဟင်္သာတ စစ်ကြောရေးကို ခေါ်သွားတယ်လို့ သိရတယ်။ အဖမ်းခံရတာက လူငယ်အမျိုးသားတွေချည်းပါပဲ။ အမှုဖွင့်တယ် ဘာညာ မကြားမိသေးပါဘူး။ မြို့ပေါ်မှာလည်း ဒီရက်ထဲ အစစ်ဆေး ကြမ်းနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ၄ ဦးလုံးကို ရိုက်နှက် လက်ပြန်ကြိုးတုပ်ဖမ်းသွားတာကို ဒေသခံတွေက တွေ့ရပြီး မိသားစုတွေက ရဲစခန်းမှာ သွားစုံစမ်းပေမဲ့ မရတာကြောင့် စိုးရိမ်စိတ်ပူနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း လေးမျက်နှာ-ဟင်္သာတ ရခိုင်ရိုးမ ထိစပ်နေတဲ့ တောအုပ်တွေထဲမှာ တော်လှန်ရေးတပ် PDF တွေ ရောက်နေတယ်ဆိုပြီး စစ်ကြောင်းထိုး ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024