Home
မြန်မာသတင်း
မြန်မာနိုင်ငံသား ၂ ဦး ထိုင်းထီပထမဆု ဘတ် ၆ သန်းဖိုးစီ ပေါက်
DVB
·
June 3, 2024

ဒီ ၂၀၂၄ ဇွန် ၁ ရက်က ထွက်သွားတဲ့ ထိုင်းထီ ပထမဆု ပေါက်ဂဏန်း ၅၃၀၅၉၃ မှာ မြန်မာနိုင်ငံသား ၂ ဦးလည်း ကံထူးပြီး ဘတ် ၆ သန်းဖိုးစီ ပေါက်သွားပါတယ်။

ပထမတဦးမှာ ထိုင်းတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ် ရာဘာခြံမှာ အလုပ်လုပ်နေတဲ့ အသက် ၄၅ နှစ်အရွယ် မြန်မာအလုပ်သမားဖြစ်တယ်လို့ ဆုငွေထုတ်ယူရေး အကူအညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက DVB ကို ပြောပါတယ်။

“သူ့ဇာတိက ရန်ကုန်တိုင်းကပါ၊ ထိုင်းမှာ ရာဘာခြစ်တဲ့အလုပ် လုပ်တယ်၊ ထီပေါက်တော့ ဆုငွေ ကူညီထုတ်ပေးဖို့ ကျနော်တို့ဆီ အကြောင်းကြားလာပါတယ်။ သူနဲ့ သူ့သူဌေးက တယောက်တစောင်စီ တူတူဝယ်ကြတာ၊ နံပါတ်တူတော့ နှစ်ယောက်လုံး ပေါက်တာပေါ့။ ထီမပေါက်ခင်က သူတို့မိသားစုက ခြံအလုပ်သမားပဲဆိုတော့ ငွေကြေး အဆင်မပြေပါဘူး။ ကလေးတဖက်နဲ့ဆိုတော့ မြန်မာပြည်က မိဘတွေဆီလည်း ပိုက်ဆံမပို့နိုင်တာလည်း လနဲ့ချီပြီ။ အခက်အခဲဖြစ်နေတုန်း ထီပေါက်တော့ တအားဝမ်းသာကြတာပေါ့။ ဆုငွေထုတ်ဖို့က မနေ့က တနင်္ဂနွေနေ့ရယ်၊ ဒီနေ့ ရုံးပိတ်ရက် (ထိုင်းမိဖုရားမွေးနေ့) ရယ်မို့ မနက်ဖြန်မှပဲ သွားထုတ်ပေးမယ်ခင်ဗျ။”

ဒါ့အပြင် မြန်မာပြည်ကနေ ဘန်ကောက်မှာ ရောင်းနေတဲ့ ထီကို အွန်လိုင်းကနေ မှာယူသူ အမျိုးသမီးတဦးလည်း ပထမဆု ပေါက်သွားတယ်လို့ ဦးခိုင်ကြီးက ဆက်ပြောပါတယ်။

“နောက်တယောက်ကတော့ စစ်ဘေးရှောင်အမျိုးသမီးပါ။ သူက တနင်္သာရီတိုင်း ထားဝယ်ဘက်က။ သူတို့ရွာမှာ တိုက်ပွဲဖြစ်တော့ ရန်ကုန်မှာ သွားနေတယ်။ ဘန်ကောက်မှာ မြန်မာအဖွဲ့တဖွဲ့က တော်လှန်ရေးအဖွဲ့နဲ့ စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေရဖို့  ထိုင်းထီ ရောင်းတယ်။ အဲဒီ ထားဝယ်သူက အားပေးတဲ့အနေနဲ့ အွန်လိုင်းကနေလှမ်းပြီး တစောင် ဝယ်ထားတယ်။ ပေါက်ရင်လည်းပေါက်၊ မပေါက်ရင်လည်း အလှူငွေပေါ့။ အဲဒါနဲ့  ပထမဆု ပေါက်သွားတာပေါ့။”

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ ထီပေါက်ပါက ဆုငွေတွေ ချောမွေ့လုံခြုံစွာ ထုတ်ယူနိုင်ရေး AAC မဟာမိတ် အလုပ်သမားကူညီရေးအဖွဲ့က ကူညီဆောင်ရွက်ပေးနေတာမှာ အခုတပတ် ထိုင်းတောင်ပိုင်းက တယောက်ပါရင် ၄၆ ဦး ရှိသွားပြီဖြစ်ကြောင်း၊ ရန်ကုန်က တယောက်တော့ သူတို့ဘာသူတို့ သွားထုတ်ကြလိမ့်မယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013