မြန်မာနိုင်ငံတဝန်း အခြေခံပညာကျောင်းတွေကို ဇွန် ၃ ရက် ဒီနေ့မှာ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းတက်တဲ့ အရေအတွက်ဟာ မနှစ်ကထက် လျော့ကျသွားတယ်လို့ စစ်ကောင်စီပညာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားနိုင်တဲ့ မြို့တွေက အခြေခံပညာကျောင်းတွေကို ဒီနေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား ကျောင်းသူ ၆,၃၉၄,၅၂၈ (၆ ဒသမ ၄ သန်းနီးပါး) ကျောင်းအပ်ခဲ့တယ်လို့ စစ်ကောင်စီပညာရေးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ -၂၄ ပညာသင်နှစ်အတွက် မြန်မာတနိုင်ငံလုံးရဲ့အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူ ၈ သန်းကျော်ကျောင်းအပ်ခဲ့တယ်လို့ စစ်ကောင်စီပညာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ အရာရှိတဦးက “ကျောင်းအပ်နှုန်း တိုးမလာဘူး။ လျော့ပဲလျော့သွားတာ။ မနှစ်က အခြေအနေအတိုင်းပဲ တွက်မယ်ဆိုရင် ကျောင်းအပ်နှုန်း တိုးသွားရမှာဖြစ်ပေမဲ့ မနှစ်ကထက် နီးပါးလောက်ပဲ အပ်ကြတာ။ မနှစ်ကနဲ့ စာရင်းအတူတူပဲ ဆိုရင်တောင် ကျောင်းအပ်နှုန်း မတိုးဘူး၊ လျော့သွားတာပဲ။ တနှစ်ထက်တနှစ် အပ်နှုန်းတွေက အပေါင်းပဲပြနေရမှာ။ ဒီလကုန်လောက်အထိ အခြေအနေ စောင့်ကြည့်ဖို့တော့ လိုသေးတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ အခြေခံပညာကျောင်းတွေ စဖွင့်နေပေမဲ့ ကျောင်းအပ်လက်ခံတာတွေကို မရပ်ဘဲ ဆက်လက် လက်ခံနေဆဲဖြစ်ပြီး အကြောင်းကြောင်းကြောင့် ကျောင်းအပ်ဖို့ အခက်အခဲ ဖြစ်နေသူတွေအနေနဲ့ အခုလကုန်အထိ ကျောင်းအပ်လက်ခံနိုင်မယ်လို့ သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှ ကျောင်းသားမိဘတဦးက “ကလေးတွေရဲ့ လုံခြုံရေး စိတ်မချတာ တခုပါပဲ။ ကျန်တာ ဘာအခက်အခဲမှ မရှိသေးပါဘူး။ တခုရှိတာက မူလတန်းအဆင့်တွေမှာ ကျောင်းသားအင်အားများတော့ စာသင်ခန်း မလုံလောက်တာလေးတွေတော့ ရှိတယ်” လို့ ပြောပါတယ်။
အခုပညာသင်နှစ်မှာ ကျောင်းအပ်တဲ့ ကျောင်းသား ကျောင်းသူတွေကို ခဲတံ၊ ဘောပင်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ပုံနှိပ်စာအုပ်တွေ ထောက်ပံ့ပေးထားပြီး ငွေကြေးကောက်ခံမှု မပြုလုပ်ရဘူးလို့ ပညာရေးဌာနက အမိန့်ထုတ်ခဲ့ပါတယ်။
Grade-12 အထိ သင်ကြားနေတဲ့ ပညာရေးသင်ရိုးစနစ်သစ်ကို ၂၀၂၃-၂၄ ပညာသင်နှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အတန်းပိုများလာပေမဲ့ ကျောင်းတက်မှုနှုန်းကတော့ ဆက်လက်လျော့ကျနေကာ အာဏာမသိမ်းခင် ၂၀၂၀-၂၁ ပညာသင်နှစ်က တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းတက်နှုန်းဟာ ၁၀ သန်းနီးပါးအထိ ရှိခဲ့တယ်လို့ ပညာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သန်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေကတော့ စစ်ကောင်စီ ဖွင့်လှစ်တဲ့ ကျောင်းတွေကို မတက်ဘဲ သပိတ်မှောက်ထားပါတယ်။