Home
မြန်မာသတင်း
တပတ်အတွင်း ကုလားပဲ အပါအဝင် ပဲမျိုးစုံဈေး ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာ
DVB
·
May 29, 2024
Pe-1

မြန်မာကျပ်ငွေတန်ဖိုးကျပြီး ဒေါ်လာငွေလဲနှုန်း မြင့်တက်နေတာကြောင့် တပတ်အတွင်း ကုလားပဲ အပါအဝင် ပဲမျိုးစုံဈေး ၅ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ပြင်ပဈေးကွက်မှာ ဒေါ်လာငွေလဲနှုန်း ကျပ် ၄၆၀၀ ဝန်းကျင်ထိ မြင့်တက်နေတဲ့အပြင် ပဲမျိုးစုံဈေးကွက်ထဲ ပို့ကုန်ပဲတွေ ဝင်ရောက်မှုနည်းနေပြီး ပြည်ပဈေးကွက် ဝယ်လိုအားလည်း ရှိနေတာကြောင့်  ဈေးမြင့်လာတယ်လို့ သိရပါတယ်။

ပဲကုန်သည်တဦးက “အဓိကက ကျပ်ငွေတန်ဖိုးကျပြီး ဒေါ်လာဈေး မာနေတာကြောင့် ပဲဈေးတွေ မြင့်နေတာပါ။ တပတ်အတွင်းမှာပဲ မတ်ပဲ၊ ပဲစင်းငုံက တသိန်းခွဲ၊ ၂ သိန်းဝန်းကျင်လောက်တက်တယ်။ အိန္ဒိယက ပဲလိုအပ်ချက်ကြီးနေတာကြောင့်လည်း ပါတယ်” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ မတ်ပဲအပါအဝင် ပဲမျိုးစုံဈေးနှုန်းတွေ မြင့်တက်နေပြီး အစိုးရက ပြည်တွင်းပဲဈေး ကျဆင်းအောင် နည်းလမ်းမျိုးစုံနဲ့ စီမံဆောင်ရွက်နေပေမဲ့ ဈေးကွက်အတွင်း ပဲလိုအပ်ချက် ကြီးမားတာ၊ အထွက်နှုန်း‌လျော့တာတွေကြောင့် ဈေးကအမြင့်ဈေးမှာ ဆက်ရှိနေတာလို့ ပဲကုန်သည်တွေက ဆိုပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်ရဲ့ မတ်ပဲ FAQ/RC အမျိုးအစားတတန် ပေါက်ဈေးဟာ ဒီနေ့မေ ၂၉ ရက်မှာ ငွေကျပ် ၃,၃၈၈,၀၀၀ ကျပ်ထိ ရှိလာပြီး တပတ်အတွင်း တတန်ကို ငွေကျပ် ၁၄၈,၀၀၀ ဝန်းကျင်ထိ ဈေးမြင့်လာပါတယ်။ အလားတူ ပဲစင်းငုံဈေးကလည်း တတန်ကို ငွေကျပ် ၄,၄၆၀,၀၀၀ ကျပ်ထိ ရှိလာပြီး တပတ်အတွင်း ငွေကျပ် ၁၇၀,၀၀၀ ဝန်းကျင်ထိ ဈေးမြင့်လာတာ တွေ့ရပါတယ်။

ပဲတီစိမ်းကလည်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ ၅၆ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၁၉၅,၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး တပတ်အတွင်း တအိတ်ကို ၅၀၀၀ ကျပ်ဈေးမြင့်လာသလို ပြည်တွင်းသုံးကုလားပဲ ဈေးကလည်း ကျပ်ငွေတန်ဖိုးကျဆင်းနေတာကြောင့် ပို့ကုန်ပဲတွေနဲ့အတူ လိုက်ပါ မြင့်တက်လာပါတယ်။

မန္တလေးကုန်စည်ဒိုင် ဈေးကွက်ရဲ့ ဒီနေ့ကုလားပဲပေါက်ဈေး‌တွေအရ ကုလားပဲ V2 အသစ် ၅၇ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၂၅၈,၀၀၀  ကျပ်၊ ကုလားပဲ (V7) က ၂၇၀,၀၀၀ ကျပ်၊ ကုလားပဲ 929 က ၅၆ ဒသမ၂၅ ပိဿာဝင် တအိတ်ကို ၂၄၇,၀၀၀ ကျပ်အသီးသီးရှိပြီး တအိတ်ကို အမျိုးအစားအလိုက် ကျပ် ၉,၀၀၀ ကနေ ၁၃,၀၀၀ အကြားအထိ တပတ်အတွင်း ဈေးမြင့်လာပါတယ်။

ရာခိုင်နှုန်းအနေနဲ့ မေလ နောက်ဆုံးပတ်အတွင်း ပြည်တွင်း ပဲမျိုးစုံဈေးမြင့်တက်မှုက  ပဲစင်းငုံမှာ ၃ ဒသမ ၉ ရာခိုင်နှုန်း၊ မတ်ပဲက ၄ ဒသမ၅ ရာခိုင်နှုန်း၊ ပဲတီစိမ်းက ၂ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ကုလားပဲက ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းထိ  ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အဓိကစိုက်ပျိုးတဲ့ ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံ နဲ့ ပဲတီစိမ်းဈေးနှုန်း တွေက ဒေါ်လာငွေလဲနှုန်း အတက်အကျအပြင် အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်နဲ့ ပြည်တွင်း ပဲအထွက်နှုန်းတို့အပေါ်မှာလည်း  မူတည်နေပါတယ်။ ပြည်တွင်းပဲ အထွက်နှုန်းကလည်း စိုက်ပျိုးစရိတ်နဲ့ အထွေထွေကုန်ကျစရိတ်တွေ မြင့်နေပြီး  နယ်မြေမတည်ငြိမ်မှုတွေကြောင့် စိုက်ဧကနဲ့အတူ အထွက်နှုန်းလည်း လျော့ကျနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ အိန္ဒိယအစိုးရက မတ်ပဲ နဲ့ ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့် မူဝါဒကို ၂၀၂၅ ခုနှစ်၊ မတ် ၃၁ ရက်အထိ သက်တမ်းတိုးထားတဲ့အတွက် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတဲ့ ပဲစင်းငုံနဲ့ မတ်ပဲ အမျိုးအစားတွေက ဈေးကွက်အခွင့်အလမ်းများ ဆက်ရရှိနိုင်တယ်လို့ ပဲဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013