နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်မှာ လူမျိုး ဗမာနဲ့ ဗမာကပြားလို့ ရေးထားသူတွေအပါအဝင် ဗမာစကားပြောတဲ့သူတွေကို MNDAAက ကိုးကန့်နယ်မြေကို ဝင်ထွက်သွားလာခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗမာနဲ့ ဗမာသွေးနှောတဲ့ ကပြားတွေကို MNDAA ကိုးကန့်တပ်က သူတို့ရဲ့ ထိန်းချုပ်နယ်ထဲ ဝင်ထွက်ခွင့်ကို ကန့်သတ်နေတာကြောင့် ကိုးကန့်ဒေသကို သွားရောက်မယ်သူတွေ အခက်အခဲ ကြုံတွေ့နေပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ကိုးကန့်တပ်ဟာ မဟာမိတ် ပူးပေါင်းတပ်တွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုင်၊ တာရွှေထန်၊ ချင်းရွှေဟော်မြို့တွေ အပါအဝင် ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ သိန္နီနဲ့ ကွမ်းလုံမြို့နယ်တွေကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကိုးကန့်အာဏာပိုင်တွေက အခုလို တင်းကျပ် လုပ်ဆောင်တာပါ။
တအာင်း(ပလောင်) ဒေသခံတယောက်က “တင်းကျပ်တာကတော့ ဗမာလူမျိုးတွေကို အတော်တင်းကျပ်တယ်။ မှတ်ပုံတင်ပြတော့လည်း သူတို့က မှတ်ပုံတင်မကြည့်တတ်ဘူး။ သူတို့ဂိတ်မှာ စောင့်နေတဲ့သူတွေက အဲလိုဖြစ်တာ။ သူတို့က တရုတ်လိုမေးတော့ ကျနော်က တရုတ်လိုမတတ်တော့ ဗမာလို ဖြေလိုက်တာ ဗမာလားဆိုပြီး အဲလိုမျိုးတွေဖြစ်တာ။ နောက်ပိုင်းကျမှ အထာနပ်သွားတယ်။ သူတို့က တရုတ်လိုမေးရင် ကျနော်က ပလောင်လို တအာင်းလို ပြန်ဖြေလိုက်တယ်။ တအာင်းလားဆိုပြီး မေးမှ ဟုတ်တယ်ဆိုတော့မှ သွားလာရ အဆင်ပြေတယ်။ ဒါပေမဲ့ တချို့နေရာကျတော့ ကားပေါ်ကဆင်းခိုင်း၊ ဒူးထောက်ခိုင်း၊ လက်မြှောက်ခိုင်းတာတွေ ရှိတယ်” လို့ ပြောပါတယ်။
ကိုးကန့်ထိန်းချုပ်နယ်မြေထဲက မြို့နယ်အလိုက် သူ့မြို့နယ်နဲ့သူ မှတ်ပုံတင် ကိုင်ဆောင်ထားသူ ဆိုရင်တော့ သွားလာနေထိုင်ခွင့် ပြုပါတယ်။ မြို့နယ်ခြားရင်တော့ နယ်ခံတယောက်ယောက်က အာမခံပေးရင်တော့ ဘယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူမဆို အဲဒီနယ်မြေအတွင်းမှာ သွားလာနေထိုင်လို့ ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရှမ်း-ဗမာကပြား ဒေသခံတဦးက “သိန္နီဆို သိန္နီမှတ်ပုံတင်ပါမှ ပေးဝင်တယ်။ ဗမာဆိုရင် အဲဒီနယ်ခံမှတ်ပုံတင် မဟုတ်ရင် ပေးမဝင်ဘူး။ ဗမာစပ်ရင် ကပြားဆိုတောင် ပေးမဝင်ဘူး။ ကျနော်တို့ဆို ဝင်လို့မရဘူး။ ရှမ်း-ဗမာ ကပြားဆိုရင် ပေးမဝင်ဘူး။ ရှမ်းဆိုရင်တော့ ပေးဝင်တယ်။ တခုတော့ရှိတာပေါ့၊ အဲဒီဘက်က သူဌေးတို့ ဘာတို့က အာမခံပေးမယ်၊ အလုပ်လုပ်မယ်ဆို ဝင်လို့ရတယ်” လို့ ပြောပါတယ်။
လောက်ကိုင်မြို့ကို MNDAA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ဝင်ရောက်သိမ်းပိုက်ချိန်က အဲဒီမြို့မှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထုတွေဟာ ဘေးကင်းရာကို တိမ်းရှောင်ကြရပါတယ်။ အဲဒီလို တိမ်းရှောင်ချိန်မှာ ဗမာလူမျိုး လုပ်ငန်းရှင်တွေရဲ့ ပစ္စည်းအားလုံးကို ကိုးကန့်တပ်ဖွဲ့ဝင်တွေက သိမ်းယူတာတွေ ရှိခဲ့ပါတယ်။
အခုလက်ရှိ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ တည်ငြိမ်နေတယ် ဆိုပေမဲ့ ဗမာလုပ်ငန်းရှင် အများစုဟာ ကိုးကန့်ဒေသမှာ ပြန်လည်သွားရောက်လုပ်ကိုင်သူ လက်ရှိမှာ နည်းပါးသွားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေက ပြောပါတယ်။
“ပြန်လာတော့ လမ်းမှာ ကားလည်းသိမ်းခံရတယ်၊ ဖုန်းတွေလည်း သိမ်းခံရတယ်၊ တရုတ်ငွေတွေလည်း သိမ်းခံရတယ်။ ဘာလူမျိုးလဲ၊ ဗမာလူမျိုးဆိုတာနဲ့ အကုန်သိမ်းတာပဲ။ ကျနော်ဆို အဲဒီမှာပါသွားတာ သိန်း ၇၀၀ ဖိုးလောက်ရှိတယ်။ သွားတဲ့သူတွေတော့ သွားကြပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့တော့ ပြန်သွားတာ နည်းတယ်။ လောက်ကိုင်က တွေ့တဲ့သူတွေ လားရှိုးရောက်နေကြတာပဲ၊ လားရှိုးမှာပဲ နေကြတယ်။ ပြန်မတက်ကြဘူးပဲ။”
ကိုးကန့်ဒေသကို MNDAA က ပြန်လည်ရရှိဖို့အတွက် ကိုးကန့်မဟုတ်တဲ့ မြန်မာနိုင်ငံသားတွေဟာ မဟာမိတ်အဖြစ် ပူးပေါင်းပါဝင် တိုက်ခိုက်ပေးခဲ့ပါတယ်။ အဲဒီထဲမှာ ဗမာလူမျိုးတွေလည်း စစ်ယူနီဖောင်း အမျိုးမျိုးဝတ်ကာ ပါဝင်ခဲ့တာပါ။ အဲဒီလို ကိုးကန့်နယ်မြေအတွက် တိုက်ပွဲဝင်ပေးခဲ့တဲ့ မဟာမိတ်တပ်တွေအနေနဲ့ အခုလိုမျိုး လူမျိုးရေး ခွဲခြားမှုကို ညှိနှိုင်းပေးသင့်တယ်လို့ မဟာမိတ်တပ်ဖွဲ့ဝင်ဟောင်းတယောက်က ပြောပါတယ်။
“အခုလို လူမျိုးရေးခွဲခြားတာ အဆင်မပြေဘူး၊ ဒီတော်လှန်ရေးမှာ မြန်မာလူမျိုးတွေလည်း ပါဝင်တိုက်ခိုက်ခဲ့တာပဲလို့။ PLA ရှိမယ်၊ မိတ္ထီလာတပ်ရှိမယ်၊ KNDF ရှိမယ်၊ လားရှိုးတပ်ရင်းရှိမယ်၊ BPLA ရှိမယ်။ အဲဒီမှာရှိတဲ့ မဟာမိတ်တပ်ရင်းတွေက ဗမာလူမျိုးတွေကလည်း ဒါမျိုးတော့ ဝိုင်းဝန်းပြောသင့်တယ်ပေါ့နော်။ ကျနော်တို့ NUG အစိုးရကလည်း ဒါမျိုးကို ဝင်ပြောသင့်တယ်၊ ဒီကိစ္စကိုပေါ့။”
ဒီကိစ္စနဲ့ပတ်သက်ပြီး MNDAA ကိုးကန့်တပ်ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ လီကျားဝင်းကတော့ ကိုးကန့်ဒေသမှာ ဗမာလူမျိုး လက်မခံဘူးဆိုတဲ့ ကောလာဟလ ဖြန့်ချိနေမှုဟာ မှားယွင်းတယ်လို့ မီဒီယာတွေကို ငြင်းဆိုထားပါတယ်။
ခွန်ဇော်ဦး