Home
မြန်မာသတင်း
ရှမ်းမြောက် ၁၀ မြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၅၀ နီးပါးရှိ
DVB
·
May 29, 2024
Landmines_29052024

အပစ်ရပ်ပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စစ်ဒေသတွေထဲ မြေမြှုပ်မိုင်းကြောင့် ထိခိုက်၊ သေဆုံးသူ ၅၀ နီးပါးအထိ ရှိလာပြီလို့ DVB က ရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဇန်နဝါရီလကနေ မေလအထိ ၅ လအတွင်း နမ္မတူ၊ မူဆယ်၊ သီပေါ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ မုံးစီ၊ မန်တုံ၊ လားရှိုး စုစုပေါင်း ၁၀ မြို့နယ်မှာ အရပ်သား ၄၈ ဦး မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ပြန်ကြားရေးဌာနမှူးနဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “လက်နက်တွေ၊ မိုင်းစစ်တဲ့ ကိရိယာ နည်းတာနဲ့ လူဦးရေ (မိုင်းတပ်သား) နည်းတာနဲ့ အဲဒါကြောင့် ဒီဟာကြီးက နှောင့်နှေးနေတာဖြစ်တယ်” လို့ ပြောပါတယ်။

အဲဒီ ၄၈ ဦးထဲမှာ သေဆုံးသူ ၁၂ ဦးနဲ့ ဒဏ်ရာရသူ ၃၆ ဦးတို့ဖြစ်ပြီး မိုင်းကြောင့် ဒဏ်ရာရသူအများစုဟာ ခြေတဖက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အမျိုးသမီး ၃ ယောက်နဲ့ ကလေးငယ်တွေလည်း ပါဝင်ပြီး TNLA အုပ်ချုပ်နယ်မြေတွေထဲမှာတော့ နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်ထဲက စစ်တပ်စခန်းတွေနားမှာ မိုင်းရှင်းလင်းရေးလုပ်ဖို့ အများဆုံး ကျန်ရှိနေသေးတာလို့ ဆိုပါတယ်။

ရှမ်းမြောက်က မြို့နယ်တွေမှာ အရပ်သားအများအပြား မြေမြှုပ်မိုင်းထိနေတဲ့အပေါ် ကိုးကန့်တပ် MNDAA ကို DVB က ဆက်သွယ်ပေမဲ့ ပြန်ဖြေတာမရှိသေးပါဘူး။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ပြောခွင့်ရသူ ယိင်းလျန်းဟန် ကတော့ တိုက်ပွဲကာလအပြီး နောက်ပိုင်း ရှမ်းမြောက်တခုလုံးဆိုရင် မိုင်းနဲ့ စစ်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်ရတဲ့ အရပ်သားစာရင်းဟာ ၁၀၀ ဝန်းကျင်အထိ ရှိနေပြီလို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ထိခိုက်သေဆုံးသူ ၁,၀၅၂ ဦးရှိခဲ့ပြီး ဒါဟာ ၂၀၂၂ ခုနှစ်ကနဲ့စာရင် ၂၇၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့တာလို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013