Home
မြန်မာသတင်း
စစ်ခေါင်းဆောင်က ကာကွယ်ရေးဒုဝန်ကြီးသစ်ခန့်၊ တပ်တွင်းရာထူး​များ အပြောင်းအလဲလုပ်
DVB
·
May 29, 2024
ViceDefenseMinisterGeneralKoLay_29052024

စစ်ခေါင်းဆောင်က ကာကွယ်ရေးဒုဝန်ကြီးအသစ်ခန့်တာ နေပြည်တော်တိုင်းမှူးနဲ့ လက်ရုံးတပ်က ညွှန်မှူး ဗိုလ်ချုပ်တွေကို အရန်အင်အား ပို့တာအပြင် တပ်တွင်း ရာထူး အပြောင်းအလဲတွေ မေ ၂၈ ရက် ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ စစ်ရာထူးခန့်ရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကာကွယ်ရေးဒုဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးရုံးချုပ် ဗိုလ်ချုပ် ကိုလေး ကို ခန့်ခဲ့ပြီး ကျားဖြန့်အမှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ကျနေတဲ့ ဒုဝန်ကြီးဟောင်း ဗိုလ်ချုပ် အောင်လင်းထွန်းကို တာဝန်မှအနားပေးခဲ့တယ်လို့ စစ်ရုံးချုပ်ရုံးနဲ့နီးစပ်သူ တဦးက ပြောပါတယ်။

"ဗိုလ်ချုပ်ကိုလေးက ကက(ကြည်း)ရုံးချုပ်က လက်ရှိဒရုန်းကိစ္စနဲ့ ရုရှားပြန်တွေနဲ့ စစ်ဆင်ရေးတွေ သင်တန်းတွေပေးနေတာကြောင့် ကာကွယ်ရေးဒုဝန်ကြီး နေရာပေးတာ။”

နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နဲ့ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းဦး၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သက်အောင်နဲ့ သံချပ်ကာယန္တရား ညွှန်ကြားရေးမှူး ဗိုလ်ချုပ် တဦးကို အရန်အင်အား  ပို့လိုက်တယ်လို့ တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

"ဗိုလ်ချုပ်စောသန်းလှိုင်ကို စစ်မှုထမ်းကိစ္စ၊ ကျွန်းသစ်ကိစ္စ၊ မြေယာကိစ္စနဲ့ အရန်အင်အား ပို့လိုက်တာ။ တခြားဗိုလ်ချုပ်လေးဦးကလည်း ဗိုလ်ချုပ်စောသန်းလှိုင် Case မှာပါနေတယ်။”

လစ်လပ်သွားတဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းကို ပြောင်းရွှေ့ ခန့်ခဲ့ပြီး လစ်လပ်သွားတဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာကိုတော့ စစ်ရုံးက ဗိုလ်မှူးချုပ် ပြည့်စုံလင်းကို ခန့်ခဲ့ပါတယ်။

ဒါ့အပြင် အရန်အင်အားကို ရောက်သွားတဲ့ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးနေရာမှာ ဗိုလ်မှူးချုပ် ထူးမြတ်တိုး၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးအဖြစ် ဗိုလ်မှူးချုပ် ထင်ကျော်စိုး၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးနေရာကို ဗိုလ်ချုပ် ဝင်းမြတ်ကို  ဆက်သွယ်ရေး ညွန်ကြားရေးမှူးအဖြစ် ဗိုလ်မှူးချုပ် ရဲမြင့်နိုင်ကို ခန့်ထားတယ်လို့ ရာထူးခန့်ရုံးနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

“ညွှန်ကြားရေးမှူးနေရာကို စစ်ရုံးချုပ်က သူတွေ ကျောင်းအုပ်တွေ ကွပ်ကဲရေးမှူးတွေကို ခန့်တာ။ သူတို့ နေရာမှာလည်း ပြန်ခန့်တာတွေ ရှိတယ်။”

စစ်ရေးအရနဲ့ တိုက်ပွဲအနေအထားအရ မတ် ၃ ရက်က တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ၇ ဦး၊ စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်မှ ဗိုလ်မှူးကြီး ၆ ဦး၊ ဒုဗိုလ်မှူးကြီး ၁ ဦးနဲ့ ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်မှူးကြီး ၅ ဦးတို့ကို နေရာပြောင်းရွှေ့ခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

စစ်ကောင်စီတပ်တွင်း အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းတွေနဲ့ဖမ်းဆီးခံထားရတဲ့ ဗိုလ်ချုပ် အောင်လင်းထွန်း၊ ဗိုလ်ချုပ် လှမိုး၊ ဗိုလ်ချုပ် ဇော်မင်း၊ ဗိုလ်ချုပ် စိုးလှိုင်နဲ့ ဗိုလ်ချုပ် လှမြင့်တို့ကို မတ် ၂၅ ရက်က ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

၂၀၂၃ အောက်တိုဘာ ၁၀ ရက်မှာ အဂတိပုဒ်မတွေနဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်ချုပ် ရန်နောင်စိုးကို  ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024