Home
မြန်မာသတင်း
ရခိုင်အရေးပူပန်မိဟု အီးယူနှင့် မဟာမိတ်နိုင်ငံများ ပူးတွဲကြေညာ
DVB
·
May 25, 2024

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေမြင့်တက်လာတာ၊ ရခိုင်ပြည်နယ်တွင်းမှာ မြို့ရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ပူပန်မိတယ်လို့ ဥရောပသမဂ္ဂ (EU)နဲ့ အတူ အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ဆွစ်ဇာလန်၊ နယူးဇီလန်၊ ဩစတြေးလျ၊ နော်ဝေ  နိုင်ငံတို့က ပူးတွဲကြေညာချက်ထုတ်ပါတယ်။ 

အထူးသဖြင့် အရပ်သားထိခိုက်မှုတွေမြင့်တက်လာတာဟာ နိုင်ငံတလွှား လူ့အခွင့်အရေးနဲ့ လူသာချင်းစာနာမှု အကျပ်အတည်းကို ပိုဆိုးလာစေတယ်လို့ဆိုပြီး  ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တွေက မြို့ရွာတွေကို တောက်လျှောက် ပစ်မှတ်ထားနေတယ်လို့လည်း ဖော်ပြထားပါတယ်။ 

ဘူးသီးတောင်မှာ လူအမြောက်အများ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ သတင်းတွေအတွက် ပူပန်မိကြောင်း ဖော်ပြထားပြီး လက်နက်ကိုင်အားလုံးက အရပ်သားတွေကိုကာကွယ်ရေးအတွက် သေချာစေရမယ်လို့ လည်း သတိပေးထားပါတယ်။ 

သတင်းမှား၊ သတင်းလွဲနဲ့ အမုန်းစကားဖြန့်ဖြူးမှုဟာ လူမျိုးရေးအကွဲအပြဲနဲ့ ရပ်ရွာအသိုက်အဝန်းအတွင်း ပဋိပက္ခကို အားကောင်းစေတယ်လို့ဆိုသလို  ရိုဟင်ဂျာတွေ အပါအဝင် အဓမ္မလူသူစုဆောင်းမှုဟာ ရပ်ရွာအသိုက်အဝန်းတွေ ကြားထဲ ပိုကွဲပြားသွားစေပြီး တင်းမာမှုနဲ့ မယုံကြည်မှုကို အမြတ်ထုတ်ရာရောက်တယ်လို့လည်း သတိပေးထားပါတယ်။ 

ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်တဲ့ သူအားလုံး တာဝန်ယူမှုတာဝန်ခံမှု ရှိစေရမယ်လို့လည်း ဖော်ပြထားပါတယ်။  

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးကတည်းက လူသားချင်းစာနာမှုအကူအညီလိုအပ်တဲ့ ဦးရေဟာ ၁ သန်းက နေ ၁၈ ဒသမ ၆ သန်းအထိ ရောက်ရှိလာပါတယ်။ 

နေအိမ်တွေ၊ ကျောင်းတွေ၊ ကိုးကွယ်ဝတ်ပြုရာနေရာတွေ၊ ဆေးရုံတွေကို လေကြောင်းတိုက်ခိုက်၊ ညှင်းပန်းနှိပ်စက်တာ၊ အရပ်သားတွေကို လူသားတံတိုင်းလုပ်တာ၊ အမျိုးသမီးနဲ့ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ သတင်းတွေလည်း သိရှိရတယ်လို့လည်း ဆိုပြီး အဓမ္မစစ်မှုထမ်းခိုင်းတဲ့ ကိစ္စကိုလည်း ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013