မကွေးမြို့ ကန်သာမင်္ဂလာကန်တော်မှာ မေ ၂၅ ရက် မနက်က ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးနေပြီး ကမ်းစပ်မှာ တင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံအများစုက အဲဒီသေဆုံးနေတဲ့ ငါးတွေကို စားသုံးကြဖို့ ခြင်းတောင်းတွေ၊ ဂုံနီအိတ်တွေနဲ့ပါ ဆယ်ယူနေကြတယ်လို့ ဆိုပါတယ်။
CDM ဆရာဝန်တဦးက “ရေထုညစ်ညမ်းမှုတို့၊ ရေထုအဆိပ်သင့်မှု တို့ကြောင့် သေရတဲ့ ငါးတွေကိုစားရင် စားတဲ့ လူတွေပါ ကျန်းမာရေးထိခိုက်နိုင်တယ်” လို့ သတိပေး ပြောဆိုပါတယ်။
မကွေးမြို့ခံ ပြည်သူတဦးကတော့ “ကန်သာကန် အထက်ပိုင်း လူနေရပ်ကွက်တွေက စွန့်ပစ်သမျှ ရေဆိုးတွေ စုဆောင်းထားတဲ့ ကန်သာမင်္ဂလာကန်တော်က ငါးတွေအတွက် အောက်ဆီဂျင် နည်းပြီ ထင်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ကန်သာ ကန်တော်မင်္ဂလာဟာ ကန်ရဲ့အထက်ပိုင်းမှာရှိတဲ့ လူနေရက်ကွက်တွေက ရေဆိုးမြောင်းတွေ စီးဝင်နေတဲ့ ကန်တော်ဖြစ်ပြီး စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးမြို့နယ်က စည်ပင်သာယာ ဝန်ထမ်းတွေကလည်း မြို့တော် စည်ပင်သာယာရေး လုပ်ငန်းတွေကို အလေးထားလုပ်ဆောင်ခြင်းမရှိဘဲ အခွန်အခကောက်ခံမှုကိုတော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။