သားတို့ သမီးတို့ရေ…
၁.၂.၂၀၂၁ ရက်နေ့မှာ ဖုန်းလိုင်းတွေဖြတ်၊ တီဗွီကလိုင်းတွေပါပြတ် (MRTV နဲ့ မြဝတီက ဖွင့်မကြည့်မိလို့ ရမှန်းမသိ)နဲ့ မြန်မာပြည်သူတွေ သောကဗျာပါဒများ မရေရာတဲ့ အတွေးပေါင်းစုံနဲ့ မှတ်ချက်ပြုနေကြတုန်း မျှော်လင့်မထားတဲ့ သတင်းဆိုးကြီး ကြားလိုက်ရတယ်။ စစ်တပ်က အာဏာတနှစ်သိမ်းလိုက်တယ်တဲ့။
ကမ္ဘာပေါ်မှာရှိတဲ့ မြန်မာပြည်သူအပေါင်း၊ အမှန်တရားကိုသိပြီး မြတ်နိုးသူအပေါင်းက လုံးဝလက်မခံနိုင်တဲ့ အရာကြီးကို ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုပြီး ပင်စင်မယူရဲသူက လုပ်သတဲ့လေ။
မွန်းလွဲပိုင်းမှာ သတင်းတခု ထုတ်ပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် ဝန်ကြီးချုပ်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ အနုပညာရှင်များ (ရုပ်ရှင်ရိုက်ကူးသူ၊ စာရေးဆရာ၊ အဆိုတော်) စသည်ဖြင့် အဖမ်းခံရကြောင်း သတင်းတွေ ကြားရတယ်။ ၂.၂.၂၀၂၁ ရက်နေ့မှာတော့ ပြည်ထောင်စုဝန်ကြီးဌာန ၁၁ ခုရဲ့ ပြည်ထောင်စုဝန်ကြီးတွေကို အသစ်ခန့်အပ်တယ်လို့ မအလ (မင်းအောင်လှိုင်လို့ကို မခေါ်နိုင်တော့ဘူး) က သတင်းထုတ်ပြန်တယ်။ သားတို့ သမီးတို့ ဒီသတင်းတွေကို သိမယ်ဆိုတာ ဆရာမ ယုံကြည်ပါတယ်။ ဘာလို့ယုံကြည်ရသလဲဆိုတော့ ကိုယ့်နိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ လူမှုရေး အခြေအနေတွေကို သိရအောင် ရေဒီယိုနားထောင်ဖို့၊ သတင်းဖတ်ဖို့၊ လေ့လာဖို့ ဆရာမက ပြောပြထားတယ်လေကွယ်။
တပည့်တို့ရေ
၃.၂.၂၀၂၁ ရက်နေ့ ည ၈ နာရီမှာ “နန်းလုတဲ့အာဏာရှင် ဗန်းထုလို့ နာနာနှင်” ဆိုတဲ့အတိုင်း သံပုံးတီးသံတွေ ညံနေတာပေါ့ကွယ်။ အကဲပိုတဲ့ မယ်နု တပည့်တို့ဆရာမ လက်ပေါက်စလေး နီရဲနေအောင် သံပုံးတီးနေပေမဲ့ တီးနေချိန်ခဏသာ ကျေနပ်မိပါရဲ့။ ၄.၂.၂၀၂၁ နေ့မှာ စစ်အာဏာသိမ်းအစိုးရကို လမ်းပေါ်ထွက် ဆန္ဒပြကြတဲ့ မြို့အချို့ ရှိလာပြီ။ မအလရဲ့ လုပ်ရပ်တွေကလည်း ပိုဆိုးလာတယ်ကွယ်။ ၅ ရက်မြောက်နေ့မှာ Civil Disobedience Movement ဆိုတဲ့ CDM လှုပ်ရှားမှုမှာ ဆရာမကိုယ်တိုင် ပါဝင်ခဲ့တယ်။
“မှန်တာပြော ရွာပြင်ဘက်ထွက်” စကားပုံကို လက်မခံဘူးလို့ ပြောတတ်တဲ့ ဆရာမတယောက်ဟာ မတရားမှုကို ထိုင်ကြည့်ပြီး စာသင်ခန်းထဲ မဝင်ချင်တာဟာ လေလုံးကြီးတာ မဟုတ်ဘူးဆိုတာ သားတို့သမီးတို့ သိရုံနဲ့ ကျေနပ်တယ်။ အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့မှာ အင်တာနက်လိုင်းတွေ ဖျက်ပြန်တယ်ကွယ်။ သတင်းအမှောင်ချတဲ့ သဘောပေါ့။ ဒါပေမဲ့ ည ၈ နာရီမှာ သံပုံးဆက်တီးဖို့၊ CDM လုပ်ဖို့ (ဝန်ထမ်းတွေ အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်ခြင်း) SMS Campaign လုပ်ကြလို့ ပါဝင်ခဲ့သေးတယ်။ အမှန်က သွေးအေးသွားမယ်ထင်တာ နေမှာပေါ့။ ပြည်သူတွေက တတ်နိုင်သလောက် လှုပ်ရှားနေကြသူချည်းပဲလေ။ အဲဒီည ၁၀ နာရီ ၁၈ မိနစ်အချိန်မှာ အမေစုလွတ်ပြီတဲ့ဆိုတဲ့ သတင်းမှားကြီးကို သိရတယ်။ လူတွေရဲ့သဘာဝက ကိုယ်ကြားချင်လွန်းတဲ့ သတင်းဆိုတော့ အမှန်ထင်မိတာပေါ့။ ပျော်လိုက်တာ။ သံပုံးတွေတီးပြီး အောင်ပွဲခံကြ။ သီချင်းတွေဖွင့် ကကြနဲ့၊ နာရီဝက်လောက်နေမှ အဲဒီသတင်း မှန်ပါ့မလားလို့ စိုးရိမ်စိတ်ဝင်မိတယ်။ ဆွေမျိုး မိတ်ဆွေတွေဆီ ဖုန်းဆက်ပြန်မေး၊ သတင်းက တိကျသလားလို့။ သူတို့လည်း သေချာမသိ။ နောက်မှ ဆိုက်ဝါးသတင်းလွှင့်ချင်လို့ သတင်းအမှောင်ချပြီး ဖုန်းလိုင်းမဖြတ်တာ သိရတယ်။
တပည့်တို့ရေ
၇.၂.၂၀၂၁ ရက်နေ့မှာတော့ လမ်းပေါ်ထွက် ဆန္ဒပြသူတွေ များလာပြီ။ ဆရာမင်းလူရဲ့ ကဗျာအတိုင်း စစ်သားတွေ ရန်သူအရွေးမမှားဖို့ ဆုတောင်းမိတယ် တပည့်တို့ရေ။ စစ်သားတွေ ရန်သူအရွေးမှားရင် ပြည်သူတွေ ဒုက္ခရောက် မတ်လ ၇ ရက်မြောက်နေ့ ညနေ ၂ နာရီ ၁၉ မိနစ် မှာ အင်တာနက်လိုင်းတွေ ပြန်ရပြီလို့ သူငယ်ချင်း ဆရာမတယောက်က ဖုန်းလှမ်းဆက်လို့ ဖွင့်ကြည့် သတင်းဖတ်ရတယ်။ ၈.၂.၂၀၂၁ ရက်နေ့မှာတော့ မြို့အနှံ့ လမ်းလျှောက် ဆန္ဒပြတဲ့အထဲမှာ ဆရာမ ပါဝင်ခဲ့တယ်။ ဆရာဆိုတာ တပည့်တွေရဲ့ လမ်းပြကြယ်မို့ ပျော်ရွှင်မှု ရှိရင်တောင် ကြောက်စိတ်ကင်းတဲ့ ပျော်ရွှင်မှုရှိဖို့၊ အောင်မြင်မှုရရင်တောင် ကောင်းသော အောင်မြင်မှုရရှိဖို့ အနာဂတ်အတွက် ရှေ့သို့ချီတက် ဆန္ဒပြခဲ့တာပါကွယ်။
၉ ရက်မြောက်နေ့မှာတော့ အိမ်မှာအနားယူရင်း သတင်းဖတ်နေခဲ့တယ်။ စစ်သားတွေ ရန်သူအရွေးမှားပြီ တပည့်တို့ရေ။ နေပြည်တော်မှာ ကျည်အစစ်နဲ့ပစ်လို့ ၁၉ နှစ်အရွယ် မိန်းခလေးတယောက် (မြသွဲ့သွဲ့ခိုင်) ဦးခေါင်းမှန်သတဲ့၊ အသေအချာ ချိန်ပစ်တာတဲ့ကွယ်။ ရက်စက်တယ်ဆိုတာ သိပေမဲ့ အဲလောက်လုပ်ရက်မယ် မထင်ခဲ့ပါဘူးကွယ်။
၁၀.၂.၂၀၂၁ ရက်နေ့မှာတော့ စစ်အာဏာရှင်ကျဆုံးရေး CDM မှာ ပါဝင်ပေးဖို့ ဖေ့စ်ဘွတ်ခ်ကနေ ပို့စ်တင်ပြီး တောင်းဆိုခဲ့တယ်။
တပည့်တို့ရေ
အာဏာသိမ်းပြီး ၁၀ ရက်နောက်ပိုင်းမှာ အခြေနေက ပိုဆိုးလာတယ်။ စစ်အာဏာရှင်ဘက်က အကြမ်းဖက် နှိမ်နင်းတာတွေ ဖြစ်လာတယ်။
၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင် ပြောသလို “ပြေးစရာမြေမရှိတော့ရင် ကမ်းကုန်အောင် ယုတ်မာကြလိမ့်မယ်” ဆိုတာ မှန်လိုက်တာ တပည့်တို့ရယ်၊ ကျည်အစစ်နဲ့ ပစ်သတဲ့။ ဆရာမ ဆုတောင်းမပြည့်ဘူးကွယ်။ စစ်သားတွေ ရန်သူအရွေးမှားပြီ။ လက်နက်ရှိသူက လက်နက် မရှိသူကို အကြမ်းဖက်နှိမ်နင်းတာ လူယုတ်မာတွေပေါ့။ ကျည်တချက်ပစ်လိုက်တိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့သူတိုင်း၊ အမှန်တရားကိုမြတ်နိုးပြီး ဓမ္မနဲ့အဓမ္မကို ခွဲခြားသိသူတွေရဲ့ နှလုံးသားတည့်တည့်ကို ထိတယ်။ သွေးထွက်ဒဏ်ရာတွေ မြင်လိုက်တိုင်း ကိုယ်တိုင်ခံစားနေရသလို ခံစားရတယ်။ တယောက် အသက်ဆုံးရှုံးတယ်လို့ သိလိုက်တိုင်း ရင်နင့်အောင် ခံစားရတယ်။ ဒါကြောင့်မို့ ဖမ်းဆီးမှုတွေ၊ နှိပ်ကွပ်မှုတွေကြားထဲကနေ ဆန္ဒပြ ပြည်သူတွေ များလာပြီး အာဏာလုအစိုးရကို အရင်ကထက် ပိုရွံရှာမုန်းတီးလာကြတယ်။
“နင်းခံတိုင်းသာ၊
ညှိုးရပါလျှင်၊
ဘယ်မှာမြက်စိမ်းရှိမလဲ”
သားသခင်(မကွေး) ရေးထားသလိုပေါ့။ ဒီကြားထဲ ဟိုလူကို ဝရမ်းထုတ်လိုက်၊ ဒီလူကို ဝရမ်းထုတ်လိုက်က ရှိသေး။ ပြည်သူ (ဓမ္မကိုအားပေးသူ) တွေ ဖမ်းချင်တာက မအလ ကိုပါ။ ဒါကို မသိချင်ယောင် ဆောင်နေတာပါ။
တပည့်တို့ရေ
၇၄ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာလည်း ပြည်ထောင်စုစိတ်ဓာတ်အပြည့်နဲ့ မြို့အနှံ့ လမ်းလျှောက်ဆန္ဒပြ ပါဝင်အားဖြည့်ခဲ့ကြတယ်။ ဆရာမတို့ရွာက မြို့နဲ့ ၁၄ မိုင်လည်းဝေး၊ ပုံမှန်လမ်း (မြို့အဝင်) မှာ စစ်သားတွေက ပိတ်ထားတာမို့ လယ်ကြားလမ်းနဲ့ ရွာအချို့ကနေ သွားခဲ့ရတယ်။ ၅ နှစ်အတွင်း လမ်းတွေကောင်း၊ လျှပ်စစ်မီးတွေရနဲ့ တိုးတက်လာတဲ့ ကျေးလက်ရွာတွေ အံ့ဩဝမ်းသာ ကြည့်ရင်းနဲ့ပေါ့ကွယ်။ ဒါကြောင့်မို့ ပြည်သူတွေက နေရာပေးတာပဲလို့လည်း တွေးမိပါတယ်။ ဆန္ဒပြသူတွေကလည်း အရင်နေ့တွေကထက် ပိုပြီးများလာတယ်။ အားပေးတဲ့ပြည်သူတွေလည်း များလာတယ်။ ရေဘူး၊ အချိုရည်၊ ထမင်းဘူး ဝေသူတွေ၊ အမှိုက်ကောက်တဲ့ လူငယ်လေးတွေ အားလုံဟာ စည်းကမ်းရှိရှိနဲ့ ဒီမိုကရေစီတိုက်ပွဲ ဝင်နေခဲ့ကြတယ်ကွယ်။
ဗိုလ်ချုပ်မွေးနေ့မှာလည်း ဗိုလ်ချုပ်ကို လက်ဆောင်ပေးနိုင်အောင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှာ သင်ခဲ့ရတဲ့ ဆရာကြီး၊ ဆရာမကြီးများ၊ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမနဲ့ ဇာတိရွာက ကျောင်းမှာ CDM လှုပ်ရှားမှု ပါဝင်ခဲ့တယ်။
၂၀.၂.၂၀၂၁ ရက်နေ့က ပုံရိပ်ကို တွေးပြီး ပီတိဖြစ်မိတယ် တပည့်တို့ရေ။ အဲဒီနေ့က မြို့ကအပြန် ဘုရားမှာ ကျောက်ပျဉ်ဝယ်ဖို့ သွားတာပေါ့။ ဆရာမရဲ့ ဝမ်းကွဲညီမနဲ့ နှစ်ယောက်တည်းပေါ့။ ဆိုင်ကယ်အပ်ခဲ့လို့ရပေမဲ့ နေရစ်ခိုင်းပြီး ဆရာမတယောက်တည်း သွားဝယ်တာပေါ့။ အဖြူ အစိမ်းဝတ် ယူနီဖောင်းနဲ့ ဘုရားထဲကိုအဝင် ဈေးထဲကလူတွေက စိုးရိမ်စိတ်တွေနဲ့ ဘာဖြစ်လို့လဲ အကူအညီလိုလားလို့ မေးကြတယ်။ ဆရာမ ခံစားမိတာက မြန်မာပြည်သူအများစုဟာ ရင်ဘတ်ချင်းတူပြီး တယောက်နဲ့တယောက် ကူညီဖို့ အသင့်ရှိနေကြတယ် ဆိုတာပါပဲ။ (ဘုရားနားမှာ စစ်သားတသိုက် ရှိနေတယ်ဆိုတာ နောက်မှသတိထားမိ)
၂၆.၂.၂၀၂၁ ရက်နေ့မှာလည်း CRPH ကိုထောက်ခံကြောင်း မြို့အနှံ့ လမ်းလျှောက်တဲ့အထဲ ပါဝင်ခဲ့တယ်။ ရေခဲထုပ်ရောင်းသူက ရေခဲထုပ်၊ ဖရဲသီးရောင်းသူက ဖရဲသီးခြမ်း အစိတ်သေးသေးလေးတွေ နိုင်သလောက်ထမ်း ပါဝင်ကုသိုလ်ယူ ဒါနပြုကြတယ်။ သူတို့ရဲ့ ရပ်တည်မှု ဝင်ငွေထဲကနေ ဒါနပြုကြလို့ အထင်ကြီးလေးစားပြီး သာဓုခေါ်မိတယ်ကွယ်။ ပြီးတော့ တိုက်ပွဲကြားမှာ သူရဲကောင်းတွေကို ဒါနပြုတာဟာ တော်ရုံသတ္တိမဟုတ်ဘူး။ ဂုဏ်မမျှော် ပကတိစေတနာနဲ့ စားစေချင်တဲ့ စိတ်တခုတည်း ရှိတာမို့လေ။
တပည့်တို့ရေ
ဆရာမ အပါအဝင် မြန်မာပြည်သူအားလုံးဟာ နွေဦးတော်လှန်ရေးကြီး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ အိပ်မက်တောင် မက်မိမယ်မထင်ဘူးကွယ်။ အခုတော့ နှလုံးဆေးတွေ အမြဲသောက်နေရတဲ့ တပည့်တို့ဆရာမဟာ မောရမှန်းမသိ၊ ရာထူးပြုတ်မှာ ဂရုမစိုက်တဲ့အပြင် အသက်ကိုတောင် ပဓာနမထားဘဲ ဒီမိုကရေစီတိုက်ပွဲ ဝင်နေတာပါ။ (ဒီတိုက်ပွဲ နိုင်ကိုနိုင်ရမယ်)၊ ဘုရင်နောင် ဖောင်ဖျက်ပြီး တိုက်ပွဲဝင်သလိုပေါ့ကွယ်။ သားတို့သမီးတို့လည်း ပါဝင်နေတယ်ဆိုတာ သိရလို့ ဂုဏ်ယူမိပါတယ်။ စိတ်ပူပေမဲ့ လမ်းမှန်လျှောက်နေလို့ အားပေးခဲ့တယ်။ သားတို့သမီးတို့ရဲ့ ဆရာမဖြစ်ရတာကိုလည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတယ်ကွယ်။ သမိုင်းဝင်နေ့ရက်တွေကို အတူဖြတ်သန်းရတဲ့အတွက် တစိမ့်စိမ့်တွေးပြီး ဂုဏ်ယူမိမှာပါ။
တပည့်တို့ရေ
အရေးတော်ပုံ အောင်မြင်ပြီး ကျောင်းတွေဖွင့်တဲ့ အချိန်ရောက်ရင် (ဆရာမ အသက် မသေသေးရင်ပေါ့လေ) အရင်ကထက် ပိုပြီး စာရိတ္တနဲ့ ပြည်သူ့နီတိကို သင်ပေးမယ်။ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံးပြည့်စုံမှ ကောင်းသောအောင်မြင်မှုရမယ့်အကြောင်း၊ မယူသင့်တာကို မရသင့်လို့ စိတ်နှလုံးသွင်းရမယ့်အကြောင်း။
အဓိကပြောချင်တာက ဆန္ဒပြပြည်သူ (အပြစ်မရှိသူ၊ လက်နက်မရှိသူ) တွေကို ပစ်ခတ်ရိုက်နှက် နေတဲ့ လူဖြစ်ပြီး လူမပီသတဲ့ အုပ်စုကို မြင်လိုက်တိုင်း သားတို့သမီးတို့ကို လူမိုက်အဖြစ် လူ့ဘဝမှာ နေထိုင်တဲ့ပုံစံမျိုး မဖြစ်အောင် သင်ကြားပေးဖို့ ဆရာမတို့ အများကြီးကြိုးစားပြီး စနစ်သစ်ပညာရေးရဲ့ စိန်ခေါ်မှုကို သတ္တိရှိရှိ ရင်ဆိုင်ဖို့ လိုအပ်တယ် ဆိုတာပါပဲကွယ်။
ပြီးတော့ နှလုံးသားမရှိတဲ့ အာဏာရူး၊ ဥစ္စာရူး မဖြစ်အောင် လူ့ကျင့်ဝတ်တွေကိုလည်း သိသလောက် လေ့လာပြီး သင်ပေးရဦးမယ်ကွယ် (ဆရာမလို ကဗျာရူး၊ စာရူးလေးက တော်သေးတယ်လို့ ပြောဦးမှာ၊ စာသင်ရင်း စိတ်ဝင်စားအောင် ဟာသပြောတဲ့ အကျင့်ရှိလို့ပါ)
ကြောက်စရာအကောင်းဆုံးအရာဟာ ကြောက်စိတ်လို့ ဆရာမက လက်ခံထားတဲ့အတွက် ကြောက်စိတ်တွေ ကင်းပျောက်ဖို့အတွက် (ဟိရီဩတပ္ပတရား-မကောင်းမှုပြလုပ်ရမှာကို ရှက်ခြင်း၊ ကြောက်ခြင်းကို အလေးအနက်ရှင်းပြပြီး) အရေးတော်ပုံအောင်ရမည်။
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ပြောသလို
“မျှော်လင့်နေတာထက် ယုံကြည်ဖို့လိုတယ်”
“အားပေးနေတာထက် ဝင်ပါဖို့လည်းလိုတယ်”
အောင်မြင်မယ်လို့ မျှော်လင့်ယုံကြည်ပြီး ကိုယ်တိုင်ပါဝင်နေသူ
(စာသားများကို အမေစုနှစ်သက်သော ခင်မောင်တိုးရဲ့ ခွန်အားဖြည့်မိငယ်သီချင်း နားထောင်ရင်း ရေးသည်)
တပည့်တို့ရဲ့ဆရာမ
ဖီးနစ်မေ