Home
မြန်မာသတင်း
စစ်ကောင်စီက ဗိုလ်ချုပ် ၅ ဦးကို ကျားဖြန့်ကိစ္စဖြင့် ထောင်ဒဏ်များ ချမှတ် 
DVB
·
May 21, 2024
KyarPyantGenerals_21052024

လောက်ကိုင်ဒေသ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း အပါအဝင် ဗိုလ်ချုပ် ၅ ဦးကို  စစ်ကောင်စီက  မေ ၁၈ ရက်က ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ စစ်ရုံးချုပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နေပြည်တော်မှာ မတ် ၂၅ ရက်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နဲ့ ပတ်သက်ပြီး ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ ဗိုလ်ချုပ်လှမိုး၊ ဗိုလ်ချုပ်ဇော်မင်း၊ ဗိုလ်ချုပ်စိုးလှိုင်နဲ့ ဗိုလ်ချုပ်တဦးတို့ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ရုံးချုပ်နဲ့ နီးစပ်သူက DVB ကို ပြောပါတယ်။

“ဖမ်းတာက အများကြီးပဲ၊ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့သူတွေရော အငြိမ်းစားတွေရော စစ်ခုံရုံးမှာ ဧပြီလမှာစစ်ပြီး အခုရက်ပိုင်း အမိန့်ချလိုက်တာ။”

ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နဲ့ ဒစကလောက်ကိုင် ဒစကမှူးဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းတို့ ၄ ဦးကို အဂတိပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာလို့ သူက ပြောပါတယ်။

လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းတပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တဦးကိုလည်း အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ ပါဝင်တဲ့အတွက် ထောင်ဒဏ် ၅ နှစ် ချခဲ့တယ်လို့ ရှင်းပြပါတယ်။

စစ်ကောင်စီက လက်ရှိ ဖမ်းဆီးထားတဲ့ အငြိမ်းစားဒုဗိုလ်ချုပ်ကြီးမြင့်လှိုင် အပါအဝင် ဗိုလ်ချုပ်ဟောင်းတချို့ကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေပြီး နေအိမ်ချိပ်ပိတ်တာတွေ၊ စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ နေပြည်တော်စစ်ရေးသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“တပ်က ဒုဗိုလ်ချုပ်ကြီးမြင့်လှိုင်ကို စစ်တာကလည်း အာဏာသိမ်းဖို့ ဖိအားပေးတာမဟုတ်ဘဲ ကျားဖြန့်ကိစ္စတွေမှာ ပါနေတယ်လို့ သတင်းတွေထွက်နေတယ်။ အငြိမ်းစား ဗိုလ်ချုပ်တွေလည်း ပါတယ်။ အကုန်လုံးကို တပ်က စောင့်ကြည့်နေတယ်။”

စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၀ ရက်မှာ နိုင်ငံ‌တော်သစ္စာဖောက်ဖျက်မှု၊ စစ်စည်းကမ်းဖောက်ဖျက်မှု၊ တံစိုးလက်ဆောင်ရယူမှု၊ နိုင်ငံခြားသုံးငွေ တရားမဝင် လက်ဝယ်ထားမှု အပါအဝင် တခြားစွဲချက်တွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်ချုပ်ရန်နောင်စိုးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုလည်း အဂတိပုဒ်မနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013