အရင် စီးပွားရေးစနစ်တွေက ပြည်ပပို့ကုန် ဦးစားပေးလုပ်ငန်းတွေကို အလေးပေးခဲ့ကြပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲကနေ လွတ်မြောက်စေခဲ့ကြတယ်။ ဒါပေမဲ့ ကုန်သွယ်မှု၊ ထောက်ပို့ကွင်းဆက်နဲ့ နည်းပညာက တခေတ် ပြောင်းသွားပါပြီ။ ပိုပြီးခက်ခဲလာဖို့ ရှိပါတယ်။ ရာစုနှစ်တဝက်ကျော်လောက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဘယ်လို ချမ်းသာလာအောင် လုပ်ကြရမလဲ ဆိုတဲ့ လမ်းညွှန်စာအုပ်က သိပ်ပြီးတော့ မပြောင်းလဲခဲ့ပါဘူး။ ကိုယ်စားလောက်ရုံ၊ ရှင်သန်ရုံ စိုက်ပျိုးကြတဲ့ လယ်သမားတွေ အဖြစ်ကနေ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေ လုပ်ကြမယ်၊ ပြီးတော့ ထုတ်ကုန်တွေကို ကျန်တဲ့ကမ္ဘာကို တင်ပို့ရောင်းချကြမယ် ဆိုတာမျိုးပေါ့။
အဲဒီ ‘ဖော်နည်းကား’ ကို ဟောင်ကောင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ တိုင်ဝမ်၊ တရုတ်နိုင်ငံတွေမှာ ရေလဲအမျိုးမျိုးနဲ့ သင့်သလို အသုံးချခဲ့ကြပါတယ်။ ဒီနိုင်ငံတွေက ကမ္ဘာအတွက် ထုတ်အားကောင်းတဲ့ အင်ဂျင်စက်လို ဖြစ်လာခဲ့ကြပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖန်တီးလာနိုင်ကြပါတယ်။ ဒီလိုနဲ့ လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲက ကယ်ထုတ်နိုင်ခဲ့ပြီး အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ပါတယ်။ လူနေမှုဘဝ မြင့်စေခဲ့ပါတယ်။
အာရှကျားတွေနဲ့ တရုတ်နိုင်ငံတို့က ဈေးချိုချိုနဲ့ လုပ်အားများများ ရှိနေတာရယ်၊ နိုင်ငံတကာက အတတ်ပညာတွေ ရယူနိုင်တာရယ်၊ ငွေကြေးထောက်ပံ့မှု ရနိုင်ကြတာရယ် ပေါင်းစပ်ပြီး အောင်မြင်ခဲ့ကြပါတယ်။ ဈေးဝယ်လက်တွေကလည်း အမေရိကန် ချီကာဂိုတောင်ပိုင်းဒေသ၊ ကာလာမာဇူးကနေ ကွာလာလမ်ပူအထိ ရောက်လာခဲ့ကြပါတယ်။
အစိုးရက လိုအပ်တဲ့ ငြမ်းအထောက်အပံ့တွေလို ကူညီပံ့ပိုးပေးပါတယ်။ လမ်းတွေ၊ ကျောင်းတွေ ဆောက်တယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ လုပ်သာကိုင်သာ ဥပဒေတွေ၊ မက်လုံးတွေ ဖန်တီး ကမ်းလှမ်းတယ်။ အုပ်ချုပ်ရေး အင်စတီကျူးရှင်းတွေကိုလည်း ပိုစွမ်းဆောင်နိုင်အောင်နဲ့ ထွန်းသစ်စ စက်မှုလုပ်ငန်း နယ်ပယ်တွေကို ပျိုးထောင်ပေးတာတွေ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ နည်းပညာတွေက ဆက်ပြီး တိုးတက်နေပါတယ်။ ထောက်ပို့ကွင်းဆက်တွေက ပြောင်းလဲနေပါတယ်။ နိုင်ငံရေး တင်းမာမှုတွေကလည်း ကုန်သွယ်မှုလားရာ၊ ပုံစံတွေကို ပြန်လို့ ပုံသွင်းနေပါတယ်။ ဒီအချက်တွေကြောင့် စက်မှုဖွံ့ဖြိုးမှု (industrialization) ကြောင့် အံ့မခန်း ဖွံ့ဖြိုးမှုတွေ တချိန်က ရရှိလာသလို ဖြစ်နိုင်ပါ့ဦးမလားဆိုတာ သံသယရှိလာကြပါတယ်။ ကမ္ဘာ့လူဦးရေ ၈၅ ရာခိုင်နှုန်းလောက် ရှိနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ (သန်း ၆,၈၀၀ ရှိပါတယ်) ဒီအကျိုးဆက်ကတော့ သိသိသာသာပါပဲ။
ဒီနေ့ကာလမှာတော့ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးက ကမ္ဘာကြီးတခုလုံး ထုတ်လုပ်မှုရဲ့ သေးငယ်တဲ့ကဏ္ဍအပိုင်းပဲ ရှိပါတော့တယ်။ တရုတ်နိုင်ငံက ဒီကဏ္ဍရဲ့ သုံးပုံတပုံကို နေရာယူထားပါပြီ။ တချိန်တည်းမှာ စက်မှုဖွံ့ဖြိုးလာတဲ့ လက်သစ်နိုင်ငံတွေကလည်း ဈေးချိုတဲ့ ကုန်ပစ္စည်းတွေထုတ် ပြည်ပပို့ ရောင်းနေကြပါတယ်။ ပြိုင်ဆိုင်မှုက ကြီးလာနေပါတယ်။ အဲဒီကနေ ညှစ်ထုတ်စရာ အမြတ်သိပ်များများစားစားတော့ မရှိပါဘူး။ လူတိုင်းက ပြည်ပတင်ပို့သူ သီးသန့်မဖြစ်နိုင်သလို ကမ္ဘာ့လုပ်အားဈေးအချိုဆုံးနိုင်ငံ၊ ကုန်ကျစရိတ် အနည်းဆုံးနိုင်ငံလည်း မဖြစ်နိုင်ကြပါဘူး။
စက်မှုဖွံ့ဖြိုးရေး (industrialization) အပေါ် သံသယရှိလာကြတာကြောင့် (အတိတ်ကလိုပဲ) ကစားပွဲဂိမ်း အပြောင်းအလဲ ဖြစ်လာစေပါတယ်။ စက်ရုံတွေက ပိုလို့ အော်တိုမက်တစ် ထုတ်လုပ်နိုင်စွမ်း နည်းပညာဘက်ကို ရွေ့လာကြသလို လေ့ကျင့်သင်ကြားပေးထားမှုနည်းတဲ့ ဈေးချိုအလုပ်သမားတွေကိုလည်း မမှီခိုလိုကြတော့ပါဘူး။
“သိပ်ပြီး ပညာမတတ်ကြတဲ့ လုပ်သားအများအတွက် လုံလောက်တဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ ဟားဗတ်တက္ကသိုလ်က နာမည်ကျော် ဘောဂဗေဒပညာရှင် ဒယ်နီ ရိုးဒရစ်ခ် (Dani Rodrik) က ပြောပါတယ်။
ဒီလိုလုပ်ငန်းစဉ်တွေကို ဘင်္ဂလားဒေ့ရှ်မှာ တွေ့မြင်နိုင်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာက “ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးမှုဇာတ်လမ်း” ပေါ်ထွက်ရာလို့ မနှစ်က ချီးကျူးခေါ်ဆိုခဲ့တဲ့ နိုင်ငံမှာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လယ်သမားတွေကို အထည်ချုပ်လုပ်သားအဖြစ် ပြောင်းလဲစေပြီး အောင်မြင်မှုကို တည်ဆောက်နိုင်ခဲ့တဲ့ နိုင်ငံပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ မိသားစုပိုင်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ Mohammadi Group အုပ်စုရဲ့ ဥက္ကဋ္ဌ မစ္စရူဘားနား ဟာ့ဂ် (Rubana Huq) က အော်တိုမက်တစ်စက်တွေ တပ်ဆင်ပြီး လူ ၃,၀၀၀ ကို အစားထိုးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီစက်တွေက ရှုပ်ထွေးပွေလီတဲ့ ချုပ်လုပ် ပန်းထိုးတာမျိုးတွေကို ဆောင်ရွက်နိုင်ပါတယ်။
နေရာတိုင်းက ကုမ္ပဏီတွေမှာ အမျိုးသမီးတွေက အလားတူ အလုပ်တွေ ရှာဖွေနိုင်ကြပါတယ်။ “အခုလို အကြီးအကျယ် ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာတော့ ဘာဖြစ်လာသလဲ” မစ္စဟာ့ဂ်က မေးပါတယ်။ သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထည်ချုပ်လုပ်ငန်းများအသင်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
ဒီလုပ်သားတွေက သင်တန်းတွေ ရှိမနေကြဘူး၊ သူမက ပြောပါတယ်။ “သူတို့က နေ့တွင်းချင်း ညတွင်းချင်း (ကွန်ပြူတာ) ကုဒ်ရေးသူတွေ မဖြစ်နိုင်ကြဘူး”။ များမကြာမီက ကမ္ဘာလုံးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုတွေက အသွင်ကူးပြောင်းမှု အလျှင်အမြန် ဖြစ်ပေါ်နေပါတယ်။
Covid-19 ကူးစက်ကပ်ဘေးနဲ့ ဆက်စပ်လို့ ထောက်ပို့ကွင်းဆက်က အရည်ပျော် ပြိုကျသွားပါတယ်။ နောက်တခါ ရုရှားက ယူကရိန်းကို ကျူးကျော်အပြီးမှာ စီးပွားဒဏ်ခတ် ပိတ်ဆို့မှု ဆန်ရှင်တွေ လိုက်လာကြပါတယ်။ ဒီလိုနဲ့ မရှိမဖြစ်လိုအပ်တဲ့ စားနပ်ရိက္ခာ၊ လောင်စာဆီဈေးတွေ ပိုလို့ မြင့်တက်လာပါတယ်။ ဒီအခါ ဝင်ငွေကို ထိခိုက်လာပါတယ်။ ငွေကြေးဖောင်းပွမှု တိုက်ဖျက်နိုင်ဖို့ ရည်ရွယ်ပြီး ဗဟိုဘဏ်ကြီးတွေက ချမှတ်တဲ့ အတိုးနှုန်းတွေကလည်း နောက်ထပ် ကပ်ဘေးဆိုက်စေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အကြွေးပူဖောင်း ကြီးလာပါတယ်။ ငွေကြေးအရင်းအနှီး ခန်းခြောက်လာနေတာ ကြုံရပါတယ်။
ပြီးခဲ့တဲ့အပတ်က အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဖွံ့ဖြိးမှုနိမ့်ကျတာနဲ့ ကြွေးမြီများတာက အဆိပ်သင့်သလို ပူးတွဲဖြစ်လာစေမယ်လို့ သတိပေးထားပါတယ်။
ကမ္ဘာတဝန်းက နေရာတိုင်းမှာ ရောင်းကြဖို့၊ ဝယ်ကြဖို့ တိုက်တွန်းနေတဲ့ အရှိန်မြှင့် ဂလိုဘယ်လိုက်ဇေးရှင်း သဘောကနေ ရွေ့လာပါပြီ။ နိုင်ငံရေးတင်းမာမှု မြင့်မားလာနေတာရယ်၊ အထူးသဖြင့် တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်ရေးပဋိပက္ခတွေကြောင့် အစိုးရတွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု၊ စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်လာစေပါတယ်။
ကုမ္ပဏီတွေက ထောက်ပို့ကွင်းဆက်ကို လုံခြုံစေချင်သလို ကုန်ကျစရိတ်လည်း ဈေးချိုချင်ပါတယ်။ ဒါနဲ့ သူတို့က အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်မလား၊ ဒါမှမဟုတ် နိုင်ငံရေးအရ မဟာမိတ်တွေထဲမှာ ဒီလိုထောက်ပံ့ပေးနိုင်မလား ရှာလာကြပါတယ်။
ခေတ်သစ်ကာလမှာတော့ မစ္စတာ ရိုဒရစ်ခ် ပြောတာက “နိုင်ငံတိုင်းက လုပ်ရင် ချမ်းသာလာမယ်ဆိုပြီး လက်တွေ့မှီခိုနေခဲ့ကြတဲ့ စက်မှုဖွံ့ဖြိုးရေးမိုဒယ် စဉ်းစားချက်က အလျှင်အမြန်နဲ့ ရေရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်ဖို့ ဆက်ပြီး မဖြစ်နိုင်တော့ပါဘူး”။
ဒါပေမဲ့ ဘာနဲ့အစားထိုးမလဲ ဆိုတာတော့ ရှင်းလင်းမနေသေးပါဘူး။
အနာဂတ်အတွက် ဝန်ဆောင်မှု အလုပ်သစ်တွေ ရှိနေတယ်။
အခြားရွေးချယ်စရာတခုကတော့ ဘင်ဂါလူရူး (Bengaluru) မှာ တွေ့နိုင်ပါတယ်။ [အရင်က ဘင်ဂလိုးလို့ ခေါ်ကြပါတယ်] အိန္ဒိယ ကန်နာတာကာပြည်နယ်က အဆင့်မြင့် စက်မှုဗဟိုချက်မ မှာပါ။
နိုင်ငံဘောင်ကျော် ကုမ္ပဏီတွေဖြစ်တဲ့ ဂိုးလ်မင်း ဆက်ခ် (Goldman Sachs)၊ ဗစ်တိုရီးယား စီးကရက် (Victoria’s Secret) နဲ့ the Economist မဂ္ဂဇင်းတွေက အဲဒီမြို့တော်ကို စုဝေးလာနေကြပါပြီ။ ရာနဲ့ချီပြီး လုပ်ငန်းဆုံချက်ရုံးတွေ ဖွင့်ဖို့ လာနေကြပါပြီ။ ဒါတွေကို ကမ္ဘာလုံးဆိုင်ရာ စွမ်းဆောင်မှု စင်တာများ (global capability centers) လို့ ခေါ်ကြပါတယ်။ စာရင်းကိုင်၊ ဒီဇိုင်းထုတ်လုပ်မှုတွေ၊ ဆိုင်ဘာလုံခြုံရေးစနစ်တွေ ရေးဆွဲဖို့၊ ဉာဏ်ရည်တု (AI) နဲ့ အခြား အဆင့်မြင့်လုပ်ငန်းတွေကို လုပ်ဆောင်ကြဖို့ပါ။
အဲသလို စင်တာတွေက တနိုင်ငံလုံးမှာ လာမယ့် ၂-၃ နှစ်အတွင်း အလုပ်အကိုင် ၅ သိန်းလောက် ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ Deloitte အကြံပေးအဖွဲ့က ဆိုပါတယ်။
အဲဒီလုပ်ငန်းတွေအပြင် လာပူးပေါင်းဖို့ ရှိကြတာတွေက ဇီဝနည်းပညာ (biotech)၊ အင်ဂျင်နီယာနဲ့ သတင်းနည်းပညာ (engineering and information technology) ကုမ္ပဏီ ရာနဲ့ချီ ရှိနေပါတယ်။ အိန္ဒိယပြည်တွင်းက ကုမ္ပဏီကြီးတွေဖြစ်တဲ့ တာတာ ဝန်ဆောင်မှု (Tata Consultancy Services)၊ ဝီပရို (Wipro) နဲ့ အင်ဖိုစစ် လီမိတက် (Infosys Limited) တွေလည်း ရှိပါသေးတယ်။ ပြီးခဲ့တဲ့ ၄ လက အမေရိကန် ချစ်ပ်ကုမ္ပဏီ AMD ကလည်း အကြီးဆုံး ကမ္ဘာလုံးဆိုင်ရာ ဒီဇိုင်းစင်တာလုပ်ဖို့ သတင်းရှိနေပါသေးတယ်။
“ကျနော်တို့က ကျမ်းရိုးဖွံ့ဖြိုးမှု အိုင်ဒီယာက အဆင့်တွေကနေ ကျော်လွှားသွားမှ ဖြစ်တော့မယ်။ အဲဒီတုန်းက လယ်ကွင်းတွေကနေ စက်ရုံ၊ အဲဒီနောက် စက်ရုံကနေ ရုံးတွေဆီကို ရွေ့လာကြတာ” ဂျီနီဗာအခြေစိုက် စီမံခန့်ခွဲမှု ဖွံ့ဖြိုးရေး အင်စတိကျုက ဘောဂဗေဒပညာရှင် ရစ်ချတ် ဘော်လ်ဒွင် (Richard Baldwin) က ပြောပါတယ်။ “ဖွံ့ဖြိုးရေး မိုဒယ်တွေက မှားကုန်ပြီ”။
ကမ္ဘာကြီးရဲ့ ထုတ်လုပ်မှု သုံးပုံနှစ်ပုံလောက်ဟာ အခုအခါမှာ ဝန်ဆောင်မှုကဏ္ဍကနေ ထွက်ပေါ်လာတာပါ။ အဲဒီမှာ ခွေးကျောင်းလမ်းလျှောက်ပေးသူတွေ၊ လက်သည်းအလှပြင်သူတွေ၊ အစားအစာ ပြင်ဆင်ပေးသူတွေ၊ အိမ်သန့်ရှင်းရေးသမား၊ ကားမောင်းသူတွေ အလားတူပဲ ချစ်ပ်ပြား ဒီဇိုင်းထုတ်သူတွေ၊ ဂရပ်ဖစ် အနုပညာသည်တွေ၊ သူနာပြုတွေ၊ အင်ဂျင်နီယာတွေနဲ့ စာရင်းကိုင်တွေ လုပ်ငန်းသဘာဝ အရောအနှောကနေ ပေါ်ထွက်လာနေတာပါ။
ဝန်ဆောင်မှုကဏ္ဍကို ခုန်ပျံကျော်လွှားတက်လို့ ဖြစ်နိုင်ပါတယ်။ ကိုယ့်ဝန်ဆောင်မှုကို ကမ္ဘာတလွှားကို ရောင်းချလို့ ဖြစ်နိုင်ပါတယ်လို့ မစ္စတာ ဘော်လ်ဒွင်က ဆိုပါတယ်။ ဒီလိုနဲ့ အိန္ဒိယနိုင်ငံက ကမ္ဘာရဲ့ ပဉ္စမမြောက်အကြီးဆုံး စီးပွားရေးစနစ်ကြီး ဖြစ်လာနေတာပါ။
အရင်က ဘင်ဂလိုးလို့ ခေါ်ကြတဲ့ ဘင်ဂါလူးရူး (Bengaluru) မှာ လူလတ်တန်းစား များလာနေတာနဲ့အမျှ လူတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပိုလို့ ဆွဲဆောင်ခေါ်ယူလာပါတယ်။ ဒါကြောင့် တဖန် လူတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပိုလို့ ဖိတ်ခေါ်ပေးပြန်ပါတယ်။ စက်ဝိုင်းက ဆက်ပြီး လှည့်လည်နေပါတယ်လို့ မစ္စတာ ဘော်လ်ဒွင်က ရှင်းပြပါတယ်။
Covid ကူးစက်ဘေးက အသွင်ပြောင်းမှုကို ပိုမြန်စေခဲ့ပါတယ်။ လူတွေကို အဝေးတွေကနေ အလုပ်လုပ်လို့ရအောင် အတင်းအကျပ် တိုက်တွန်းစေခဲ့သလိုပါပဲ။ မတူခြားနားတဲ့ မြို့ရဲ့နေရာတွေက၊ အခြားမြို့ကြီးတွေက၊ အခြားနိုင်ငံတွေက ချိတ်ဆက်လုပ်လို့ ရလာပါတယ်။
အခု မိုဒယ်အသစ်မှာတော့ နိုင်ငံတွေက စက်မှုလုပ်ငန်းတမျိုးမျိုးကို အခြေပြုတာထက်စာရင် မြို့ပြတွေကို အခြေပြုလို့ ဖွံ့ဖြိုးမှု ဖန်တီးနိုင်ပါတယ်။ “အတော်စုံလင်ထွေပြားတဲ့ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို ဖန်တီးနိုင်ပါတယ်” လို့ မစ္စတာ ဘော်လ်ဒွင်က ဆိုပါတယ်။
“ဘင်ဂလိုးကို စဉ်းစားကြည့်ပါ။ တရုတ်နိုင်ငံတောင်ပိုင်း မဟုတ်ပါဘူး” လို့ သူကပြောတယ်။
လွတ်လပ်တဲ့ဈေးကွက်တခုတည်းက မလုံလောက်ဘူး။
များစွာသော ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပြည်ပပို့ကုန် ဦးစားပေး စက်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ကြိုးပမ်းနေကြဆဲပါ။ ဒီလိုမှ ကြွယ်ဝချမ်းသာမှု ရလာမယ်လို့ မြင်နေကြတယ်။ ဒီလိုလုပ်ရမယ် ထင်နေကြတယ်လို့ ပီကင်းတက္ကသိုလ် အသစ်သော ဖွဲ့စည်းပုံဆိုင်ရာ ဘောဂဗေဒ အင်စတီကျုက ပါမောက္ခချုပ် ဂျပ်စတင် ယီဖူ လင်း (Justin Yifu Lin) က ပြောပါတယ်။
ကျမ်းရိုး ဖွံ့ဖြိုးရေးဆိုင်ရာ ဖော်နည်းကားအပေါ် အဆိုးမြင်တွေအပေါ် တလွဲယုံကြည်ထားမှုတွေက ပိုလို့ ဆိုးရွားစေတယ်လို့ သူကဆိုပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ဆိုတာ သူ့အလိုအလျောက် အော်တိုမက်တစ် ဖြစ်လာမယ်လို့ ယူဆထားကြတဲ့ပုံပါ။ လမ်းသာရှင်းထား၊ လွတ်လပ်တဲ့ဈေးကွက်နဲ့ ကျန်တဲ့ဟာတွေက သူ့ဘာသာ လုပ်သွားကြလိမ့်မယ်လို့ ထင်မြင်နေကြတာမျိုးပါ။
အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အင်စတီကျူးရှင်းတွေက နိုင်ငံတွေကို ဈေးကွက်တွေ တံခါးဖွင့်ပေးဖို့နဲ့ အစိုးရက လက်ရှောင်နေဖို့ များသောအားဖြင့် ဖိအားပေးလေ့ရှိပါတယ်။
အာဖရိကတိုက်နဲ့ လက်တင်အမေရိကမှာ ပြည်ပပို့ကုန် ဦးစားပေး ဖွံ့ဖြိုးမှုက အလုပ်မဖြစ်ဘဲ ကျဆုံးခဲ့ပါတယ်။ အကြောင်းက အစိုးရတွေက မွေးကင်းစ စက်မှု/လက်မှု လုပ်ငန်းငယ်လေးတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ကြတယ်။ ထောက်ပံ့ပျိုးထောင်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အဓိကဘောဂဗေဒ ပညာရှင်ဟောင်း မစ္စတာလင်းက ဆိုပါတယ်။
“စက်မှုလုပ်ငန်းကဏ္ဍ မူဝါဒဆိုတာ ကာလကြာရှည် မထိနိုင် မတို့နိုင် ရှိနေခဲ့ကြတယ်” သူက ပြောပါတယ်။ များစွာကလည်း ကြိုးစားပြီး ကျရှုံးခဲ့ကြပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ တောင်ကိုရီးယားတို့လို အောင်မြင်တဲ့ ဇာတ်လမ်းမျိုးတွေလည်း ရှိခဲ့ပါတယ်။
“အစိုးရတွေက ပုဂ္ဂလိကကဏ္ဍကို ကူညီပေးဖို့ လိုအပ်တယ်။ ဒါမှပဲ ဈေးကွက်ရဲ့ မစွမ်းဆောင်နိုင်မှု (market failures) တွေကို ကျော်လွှားနိုင်မယ်” သူကဆိုပါတယ်။ “စက်မှုမူဝါဒမရှိဘဲ ခင်ဗျားတို့ လုပ်လို့မရနိုင်ဘူး။”
ပညာရေးမရှိဘဲနဲ့ အလုပ်မဖြစ်နိုင်ဘူး။
တစုံလုံးခြုံတဲ့ မေးခွန်းကတော့ ဝန်ဆောင်မှုတွေဖြစ်စေ၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည်ဖြစ်စေက အဲသလို စီးပွားဖွံ့ဖြိုးမှုကို ဖန်တီးနိုင်သလား ဆိုတာပါပဲ။ အဲသလို ဖွံ့ဖြိုးမှုက တကယ့်ကို လိုအပ်နေတယ်၊ အကျယ်အပြန့် ဖြစ်ရမယ်၊ အကြီးစားဖြစ်ရမယ်။ ရေရှည်တည်တံ့နိုင်ရမယ်။
ဘိဇနက်လုပ်ငန်းတွေအတွက် ဝန်ဆောင်မှုအလုပ်တွေက တိုးတက်များပြားလာနေပါတယ်။ ဒါပေမဲ့ အလုပ်တွေပွင့်နေတာနဲ့ လစာဝင်ငွေ မြင့်တာက ဘဏ္ဍာငွေကြေးနဲ့ နည်းပညာ ဧရိယာမျိုးမှာပဲ ရှိပါတယ်။ ဒီလိုလုပ်ငန်းတွေအတွက်ဆိုရင် အဆင့်မြင့် ကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်ကြတဲ့ သာမန်လူထုတွေထက် မြင့်မားတဲ့ ပညာရေးမျိုး ရှိနေဖို့ လိုအပ်ပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ ကောလိပ်ဘွဲ့ရသူတွေရဲ့ တဝက်နီးပါးက သူတို့အလုပ်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ရှိမနေကြပါဘူးလို့ ပညာရေးစစ်ဆေးရေး ဝန်ဆောင်မှုလုပ်ငန်း (Wheebox) က ဆိုပါတယ်။
လွဲတာတွေကတော့ နေရာတိုင်းပါပဲ။ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) က မနှစ်ကထုတ်ဝေခဲ့တဲ့ အစီရင်ခံစာ ‘အနာဂတ်ရဲ့ လုပ်ငန်းများ’ (The Future of Jobs) မှာ ဖော်ပြထားတာက အလုပ်သမား ၁၀ ဦးမှာ ၆ ဦးက လာမယ့် ၃-နှစ်တာကာလမှာ ပြန်လို့ သင်တန်းပေး လေ့ကျင့်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူအများစုက အဲသလို အခွင့်အရေး ရရှိမှာ မဟုတ်ပါဘူး။
အခြားသော ဝန်ဆောင်မှုလုပ်ငန်းတွေကလည်း တိုးတက် များပြားလာနေပါတယ်။ ဒါပေမဲ့ လုပ်ခကောင်းကောင်း မရတာရယ်၊ နိုင်ငံခြားကို တင်ပို့လို့ မရတာရယ်ပါပဲ။ ဘင်ဂါလူရူးက ဆံပင်ညှပ်ဆရာတယောက်က နယူးယောက်မြို့ ဘရုကလင်ရပ်ကွက်က လူကို ဆံပင်ညှပ်ပေးလို့ မရနိုင်ပါဘူး။
ပိုပြီးငယ်တဲ့၊ နောက်ပြီး ပိုပြီးလူတန်းစား မညီမျှတဲ့ ဖွံ့ဖြိုးတိုးတက်မှုလည်း ဖြစ်နိုင်ပါတယ်။
ယေးလ်တက္ကသိုလ်က သုတေသီတွေက တွေ့ရှိတာက အိန္ဒိယနဲ့ အာဖရိက ဆာဟာရ သဲကန္တာရအောက်ပိုင်း နိုင်ငံအချို့မှာ စိုက်ပျိုးရေးလုပ်နေတဲ့ လယ်သမားတွေက စားသုံးသူတွေကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကို ခုန်ပျံကျော်လွှား လုပ်လာကြတယ်။ သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ ဝင်ငွေလည်း မြင့်မားလာတယ်လို့ ဆိုတယ်။
ဒါပေမဲ့ သတိပြုစရာတခု ရှိနေပါတယ်။ ရရှိတဲ့ အကျိုးအမြတ်တွေက “သိသိသာသာပဲ တန်းတူညီမျှမှု ရှိမနေဘူး”၊ ချမ်းသာပြီးတဲ့သူတွေကို ပိုလို့ အကျိုးအမြတ်ရစေတယ်လို့ ဆိုပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးက ချည့်နဲ့နေချိန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဘယ်လိုပုံဖြစ်ဖြစ် ဖွံ့ဖြိုးမှုကို ရယူနိုင်ဖို့ ကြိုးစားကြဖို့ လိုအပ်ပါတယ်။ ဘယ်လိုစီးပွားရေးစနစ်၊ ဘယ်လိုနိုင်ငံကနေ ရရပေါ့။ စက်မှုမူဝါဒတွေက အရေးကြီးပါတယ်လို့ ဟားဗတ်တက္ကသိုလ်က မစ္စတာ ရိုးဒရစ်ခ်က ပြောပါတယ်။ ဒါပေမဲ့ အဲဒါတွေက ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းငယ်ကလေးများနဲ့ အိမ်ထောင်စုတွေကို ဦးစားပေးရမယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ဒါက အနာဂတ်ဖွံ့ဖြိုးမှုအတွက် အများဆုံးဖြစ်နိုင်တဲ့ ရင်းမြစ်တွေပါ။
ဒါတောင်မှ သူနဲ့ အခြားသူတွေက သတိပေးနေကြပါသေးတယ်။ ရလာမယ့် အကျိုးအမြတ်တွေက တော်ရုံပဲဖြစ်မယ်၊ ရဖို့လည်း ခက်ခဲပါမယ်တဲ့။
“စာအိတ်က တဖြည်းဖြည်း ကျုံ့လာနေတယ်” လို့ သူက ပြောတယ်။ “ဘယ်လောက်အတိုင်းအတာ ဖွံ့ဖြိုးလာမလဲ ဆိုတာကတော့ အတိတ်ကနဲ့ယှဉ်ရင် နည်းတာ သေချာတယ်”
အောင်သူငြိမ်း
Ref: Patricia Cohen. April 2, 2024. Poor Nations Are Writing a New Handbook for Getting Rich. New York Times)
(ပက်ထရစ်ရှာကိုဟင် (Patricia Cohen) က လန်ဒန်အခြေစိုက် ကမ္ဘာ့စီးပွားရေးကိစ္စများ ရေးသားနေသူတဦး ဖြစ်ပါတယ်။)