ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ဒေါနတောင်ခြေကနေ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးအပြင် လေကြောင်းပစ်ကူရယူပြီး အင်အားအလုံးအရင်းနဲ့ သင်္ကန်းညီနောင်ဘက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။
မေ ၁၆ ရက် မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီစစ်ကြောင်းတွေဟာ ဒေါနတောင်ခြေကနေ သင်္ကန်းညီနောင် နို့ဖိုးကျေးရွာဘက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နဂါးဖြူတပ်ရင်းက ရဲဘော်တယောက်ကျဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“နို့ဖိုးရွာဘက်ကို စစ်ကြောင်းထိုးနေတယ်။ သင်္ကန်းညီနောင်ဘက်လို့ ပြောရမယ်။ စစ်အင်အား အလုံးအရင်းနဲ့ ထိုးနေတယ်။ ဒါပေမဲ့ သူတို့ ထိုးဖောက်လို့မရသေးဘူး။ မနေ့က မနက် ၁၀ နာရီလောက်က လက်နက်ကြီးထိမှန်ပြီးတော့ နဂါးဖြူတပ်ရင်းက ရဲဘော်တယောက် ကျဆုံးတယ်။ ၂ ယောက် ဒဏ်ရာရတယ်။ လေယာဉ်နဲ့ပါ လာပစ်သွားတယ်” ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်ကောင်စီက ကရင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေး အမည်နဲ့ အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် အနီးကပ် ရင်ဆိုင်တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားနေတယ်လို့ ရှေ့တန်းစစ်မြေပြင် တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။