Home
မြန်မာသတင်း
ပင်လယ်ရေကြောင်းမှတင်ပို့မှု အားကောင်းသဖြင့် ပြည်တွင်း ပြောင်းဈေးတက်
DVB
·
May 17, 2024
pyaung 1752024

ထိုင်းနဲ့ အိန္ဒိယဈေးကွက်ကို ပင်လယ်ရေကြောင်းကနေ ပြောင်းတင်ပို့မှု များလာတာကြောင့် ပြည်တွင်းပြောင်းဈေး တက်လာတယ်လို့ ပြောင်းလုပ်ငန်းရှင်တွေထံက သိရပါတယ်။

မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့ပြောင်းကို အရင်က တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကို နယ်စပ်လမ်းကြောင်းကတဆင့် အဓိက တင်ပို့ရောင်းချနေတာပါ။ အခုအခါ တိုက်ပွဲတွေကြောင့် နယ်စပ်တင်ပို့မှုက မရှိသလောက် ဖြစ်နေပါတယ်။

နယ်စပ်ကနေ ပြောင်းတင်ပို့မှုတွေ ရပ်တန့်နေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ပြောင်းဆံတပိဿာကို ၁,၀၄၀ ကျပ်ကနေ ၁,၀၆၀ ကျပ်သာ ပေါက်ဈေးရှိခဲ့ရာက လက်ရှိမှာတော့ ပင်လယ်ရေကြောင်းကနေ ပြောင်းတင်ပို့မှု ပြန်အားကောင်းလာတာကြောင့် ပြည်တွင်းပြောင်းဈေး တပိဿာကို ၁,၁၄၀ ကနေ ၁,၁၆၀ ကြား ပြန်မြင့်တက်လာပါတယ်။

ပြောင်းလုပ်ငန်းရှင်တဦးက “ဒီကာလကတော့ ပွင့်လင်းရာသီဆိုတော့ ပင်လယ်ရေကြောင်းကနေ များများတင်ပို့လာနိုင်တယ်။ ဒါကြောင့် ပြောင်းဈေး ကောင်းလာတာပါ။ လာမယ့် ဇွန်၊ ဇူလိုင် မိုးကာလကျရင်တော့ အခက်အခဲလေးတွေ ရှိလာနိုင်ပါတယ်။ ပြောင်းတင်ပို့တာလည်း ကျကောင်းကျနိုင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ မြန်မာ့ပြောင်းကို ပြည်ပတင်ပို့ရာမှာ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေကို ရေကြောင်းကနေ အဓိကတင်ပို့နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယဈေးကွက်ကို ပင်လယ်ရေကြောင်းကနေ တင်ပို့ရာမှာတော့ စရိတ်ကုန်ကျမှုနည်းပြီး ထိုင်းဘတ်ငွေဈေးနဲ့ ထိုင်းနိုင်ငံဘက်ကပေးတဲ့ ပြောင်းဈေး မြင့်နေတာကလည်း ပြည်တွင်း ပြောင်းဈေးကို တက်လာစေတယ်လို့ ပြောင်းလုပ်ငန်းရှင်တွေက ဆိုပါတယ်။

အခုလို ပြောင်းဈေးတက်လာပေမဲ့ တောင်သူတွေလက်ထဲ ပြောင်းလက်ကျန်နည်းချိန်ဖြစ်လို့ အကျိုးမခံစားရဘူးလို့ ပြောင်းစိုက်တောင်သူတဦးက ပြောပါတယ်။

ပြောင်းစိုက်တောင်သူတဦးက “ပြောင်းဈေး ထပ်တက်ပါတယ်။ ဒါပေမဲ့ တောင်သူ အနည်းစုမှာပဲ ပြောင်းကျန်ပါတော့တယ်။ ပွဲစားတွေလက်ထဲမှာပဲ ပြောင်းက ရှိတော့တာပါ” လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်ဆိပ်ကမ်း သင်္ဘောတင်ဈေးကတော့ ပြောင်းတတန် (၆၂၃ ပိဿာ) ကို အမေရိကန်ဒေါ်လာ ၂၃၀ ကနေ ၂၅၀ အတွင်း ဝယ်ယူမှုရှိနေတယ်လို့ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ပေါက်ဈေးအရ သိရပါတယ်။

ရန်ကုန်ပြောင်းပေါက်ဈေးကတော့ သင်္ကြန်ကာလမတိုင်ခင်ကဈေးထက် တပိဿာကို ၁၀၀ ကျပ်ထိ ဈေးတက်လာပေမဲ့ တောင်သူတွေ မျှော်လင့်ထားတဲ့ တပိဿာ ၁,၂၀၀ ဈေးကိုတော့ မရောက်ရှိသေးဘူးလို့ ပြောင်းစိုက်တောင်သူတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013