Home
မြန်မာသတင်း
နေရပ်စွန့်ခွာ စစ်ဘေးရှောင် ၆၀၀၀၀ ကျော်ကို UNHCR ကူညီ
DVB
·
May 16, 2024
UNHCR
WarVictimsRunWay_06052024

မြန်မာပြည်တွင်း နေရပ်စွန့်ခွာစစ်ဘေးရှောင် ၆၀၀၀၀ ကျော်ကို မီးဖိုချောင်သုံးပစ္စည်းတွေ၊ စောင်နဲ့ အိပ်ရာခင်းတွေ ပါ၀င်တဲ့ အခြေခံ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

အခုနှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ ၃ လတာလုပ်ဆောင်ချက်မှတ်တမ်းမှာ ခုလိုဖော်ပြထားတာဖြစ်ပြီး လူဦးရေ ၂၇,၂၁၀ ကိုတော့ အိုးမဲ့အိမ်မဲ့ဖြစ်နေချိန်မှာ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိတဲ့ နေထိုင်မှုအခြေအနေတွေအတွက် အမိုးအကာတွေ ထောက်ပံ့ပေးနိုင်ခဲ့ကာ လူ ၄၅၄ ယောက်ကိုတော့ သူတို့ရဲ့  အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့အတွက် ဘက်စုံသုံး ငွေသားအကူအညီပေးအပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ရှမ်း၊ ကရင်၊ ကယား၊ မွန်ပြည်နယ်တွေနဲ့ ပဲခူးတိုင်းအရှေ့ခြမ်း၊ တနင်္သာရီ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေအပါအဝင် နိုင်ငံတဝန်းက ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတဲ့ ပြည်သူ ၂ ဒသမ ၈ သန်းကျော် ရှိလာခဲ့ပြီလို့ သိရပါတယ်။

ဒေသတွင်း ပဋိပက္ခတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ ခန့်မှန်းခြေ ရိုဟင်ဂျာဦးရေ ၆၃၂,၇၈၉ ယောက်ရှိပြီး အဲဒီထဲက ၁၅၅,၅၁၁ ယောက်ကတော့ စစ်ဘေး ရှောင်စခန်းတွေမှာသာမက ၂၀၁၂ ခုနှစ်က စတင်ကာ လက်ခံအိမ်ရှင်အသိုင်းအဝိုင်းကြားမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ ၃ သန်းကျော်ထိရှိလာပြီး ဒါဟာ ဆိုးဝါးတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်လာတယ်လို့  ကုလသမဂ္ဂက ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် လူပေါင်း ၁၈ ဒသမ ၆ သန်းလောက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတဲ့ကြားမှာပဲ အိုးမဲ့အိမ်မဲ့ပြည်သူ ၃ သန်းလောက်ဟာ အသက်ရှင် ရပ်တည်ဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

ဒါဟာ မနှစ်ကထက် ၁ သန်းကျော် ပိုများတဲ့ ပမာဏဖြစ်နေပြီးတော့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေသူတွေထဲမှာ ကလေးသူငယ်ဦးရေ ၆ သန်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

Photo-UNHCR

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013